Monday, September 7, 2009

''အတွေး''

Image Hosting by imagefra.me
လောကကြီးကို အတွေးတွေက စိုးမိုးနေပါတယ်တဲ့။ အယူအဆ အတွေးအခေါ်တွေမှာ သူတို့ အသက်နဲ့ သူတို့ ရှိကြပါတယ်။အတွေးအခေါ် အယူအဆတစ်ခုဟာ လူတစ်ယောက်က ပြောလိုက်လို့ ဖြစ်၊ ရေးလိုက်လို့ ဖြစ်စေ တခြားလူတစ်ယောက်က ဖတ်လို်က်ရလို့ ကြားလိုက်ရလို့ သူ့စိတ်ထဲမှာ အမြစ်တွယ်မယ်၊ ပွားမယ်။ နေပုံထိုင်ပုံ၊ လုပ်ပုံကိုင်ပုံ၊ ပြောပုံဆိုပုံကို လွှမ်းမိုးမယ်။ ဒါကြောင့် အယူအဆတွေကို ပေါ့ပေါ့တန်တန် မထားသင့်ဘူးလို့ ဆရာတော် ဦးဇောတိကက ဆုံးမခဲ့တာလေးပါ။ တိုတိုနဲ့လိုရင်း ရေးထားတဲ့ ဒီစာပိုဒ်တွေရဲ့ အဓိပ္ပါယ်ကို တစ်ခါဖတ်ရုံနဲ့ သဘောပေါက်ချင်မှ ပေါက်ပါလိမ့်မယ်။ စဉ်းစားတာ ဝါသနာပါတဲ့သူအဖို့တော့ မြှုပ်ထားတာကိုဖော်ရတာ အရသာတွေ့လိမ့်မယ်လို့ ထင်ပါတယ်။ ကိုယ့်ဘဝ အတွေ့အကြုံနဲ့ တိုက်ဆိုင်လာတဲ့ အခါကျမှ အဓိပ္ပါယ်ပြည့်ပြည့်စုံစုံ နားလည်သဘောပေါက်တက်လာကြပါတယ်။ လူမှာ တန်ဖိုးအရှိဆုံးက စိတ်ရဲ့ Quanlity ပါပဲတဲ့။ ဆရာတော် ဦးဇောတိက ဟောတဲ့တရားထဲက ဆုံးမစကားလေးပါ။ ဆုံးမစာလေးတွေကို စုဆောင်းပြီး ရေထားရင်း..



1. လကွယ်မရှိရင် လသာတဲ့ညဟာ ပိုပြီး ပျော်စရာကောင်းမှာ မဟုတ်ပါဘူး။

2. သူတစ်ပါးရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းပေးလိုက်ရတာ ကိုယ့်ရှုံးသွားတာ မဟုတ်ဘူး။ ကိုယ့်ရဲ့သဘောထားကြီးမှု ကိုယ့်ရဲ့မြင့်မြတ်မှုကို ပိုပြီးတော့ အကောင်အထည် ဖော်လိုက်ရတာ၊ ကိုယ်ရဲ့မေတ္တာ ကရုဏာ ကိုယ်ရဲ့စေတနာကို အကောင်အထည် ဖော်လိုက်ရတာ၊ သိပ်ကျေနပ်စရာကောင်းတယ်။ ဒါကြောင့် သူတပါးကိုလိုက်လျောရတာဟာ ရှုံးတာမဟုတ်ပါဘူးနော်၊ အမှန်တော့ မြတ်တာပါ။

3. ကိုယ့်အကြောင်းကိုယ် ဘာတွေ တွေးနေသလဲ။ ကိုယ့်ကိုယ်ကိုကိုယ် ချစ်စရာမကောင်းဘူးလို့ တွေးနေသလား။ အဲသလို တွေးနေရင် ကိုယ့်အကြောင့် ကောင်းတာလေးတွေကို ရှာတွေး လိုက်ပါအုံး။

4. သတိကြီးတဲ့သူ သမာဓိကြီးတဲ့သူ ဉာဏ်ပညာကြီးတဲ့သူရဲ့စိတ်မှာ Power ရှိတယ်။

5. အခက်အခဲရှိတာက ပြဿနာ မဟုတ်ဘူး၊ ဘာလုပ်ရမှန်း မသိတာကမှ ပြဿနာအစစ်ဖြစ်တယ်။

6. ကိုယ်တန်ဖိုးထားတဲ့အရာက ကိုယ့်ဘဝကို စုစည်းပေးတယ်၊ ကိုယ့်အင်အားကို စုစည်းပေးတယ်။

7. ကိုယ့်မှာရှိနေတဲ့ အကောင်းဆုံးစိတ်ထားတွေ အကောင်းဆုံးအသိဉာဏ်တွေ ထွက်လာဖို့ဆိုရင် ကိုယ့်စိတ်ကိုကိုယ် သိပြီးနေတဲ့ အလေ့အကျင့်ဟာ အခြေံ အဓိက လုပ်ရမယ့်အလုပ် ဖြစ်တယ်။

8. ကိုယ်က တန်ဖိုးထားတက်တဲ့သူဖြစ်မှ တန်ဖိုးထားတက်နိုင်တဲ့စိတ်ထားရှိမှ ကိုယ်တန်ဖိုးထားတဲ့ အရာက ကိုယ့်ကို အားရှိစေမယ်။

9. ဖြစ်အောင်လုပ်မယ် ဆိုတဲ့သူအတွက် ဖြစ်နိုင်တဲ့ နည်းလမ်းကောင်းတွေ တစ်မျိုးပြီးတစ်မျိုး တွေ့မှာ သေချာတယ်။

10. ကိုယ့်ရဲ့ဆုံးဖြတ်ချက်က ကိုယ့်ကို ဖန်တီးတာပဲ။

11. အားငယ်တက်တဲ့သူဟာ ရိုးသားပွင့်လင်းတဲ့ ဆက်ဆံရေး creative ဖြစ်တဲ့ဆက်ဆံရေးကို မရနိုင်ဘူး။

12. ကိုယ့်ရဲ့ဘဝအဆင့်အတန်းကို တကယ်မြင့်မားအောင် လုပ်ချင်တယ်ဆိုရင် “သတိ”နဲ့နေတဲ့ အလေ့အကျင့်ကို လုပ်နေမှ၊ ကိုယ့်စိတ်ကို သိနေမှ။

13. မဖြစ်နိုင်ကြောင်းကို အကြောင်းပြချက် များများပြတက်တဲ့သူအတွက် အကြောင်းပြစရာတွေ ပိုပိုပြီး ရလာမှာသေချာတယ်။

14. အနာဂတ်အတွက် မျှော်လင့်ချက်မရှိရင် ပစ္စုပ္ပန်မှာ အင်အားမရှိဘူး။
15. မေတ္တာကရုဏာမရှိရင် ပညာတက်ရုံလောက်နဲ့ အများအကျိုးကို ဘာလုပ်နိုင်မှာလဲ။

16. သဘောထားမှန်အောင်ထားနိုင်တာဟာ လွတ်လပ်မှုတစ်မျိုး။
17. တည်ငြိမ်အေးဆေးတဲ့သူ၊ အသိအမြင် ရှင်းတဲ့သူ၊ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့သူဟာ အပြုသဘောဆောင်တဲ့ အမြင်ရှိတယ်။

18. ကိုယ့်အလုပ်နဲ့ ပက်သက်ပြီး သူတစ်ပါးရဲ့ ထင်မြင်ချက်ကိုလေးလေးစားစား နားထောင်နိုင်ဖို့ဆိုတာ မာန်မာန နှိမ့်ချနိုင်မှဖြစ်တယ်။ မာနကြီးတဲ့သူဟာ ဘယ်သူဘာထင်ထင်လို့ သဘောထားတက်တယ်။

19. မှတ်ဉာဏ်ကောင်းရုံနဲ့ ပညာတက် မဖြစ်ဘူး။ ဆက်စပ်ပြီး တွေးခေါ်စဉ်းစားတက်မှ ပညာတက်ဖြစ်မယ်။

20. စစ်မှန်တဲ့ အောင်မြင်မှု အလိုလိုဖြစ်မလာဘူး။ သေသေချာချာ စီစဉ်ပြီး၊ကြိုတင်ပြင်ဆင်ပြီး လုပ်သင့်တာတွေကို ရေရှည်လုပ်လာမှ စစ်မှန်တဲ့အောင်မြင်မှုဆိုတာ ဖြစ်လာတယ်။ ကံကောင်းလို့ အောင်မြင်တယ်ဆိုတာ မရှိသလောက် ရှားပါးတယ်။ ပစ္စုပ္ပန်မှာ လုပ်သင့်တာတွေကို ဉာဏ်ပါပါ ဝီရိယကောင်းကောင်း ဇွဲကောင်းကောင်းနဲက ရေရှည်မလုပ်ပဲ အတိတ်ကံတစ်ခုထဲနဲ့တကယ်ထူးခြားတဲ့အောင်မြင်မှုမျိုးကို မရနိုင်ပါဘူး။
21. ဘယ်လောက်ပဲ ပညာတက်တဲ့သူပဲဖြစ်ဖြစ် သူ့တစ်ယောက်တည်းရဲ့အမြင်ဟာ ဘယ်တော့မှ မပြည့်စုံနိုင်ဘူး။

22. အမှားနှစ်ခုဟာ အမှန်တစ်ခု ဖြစ်မလာနိုင်ဘူး။သူက မှားနေလိုက ကိုယ့်မှာ မှားပိုင်ခွင့်ရှိတယ်လို့ သဘောထားလို့ မရဘူး။

23. အထင်ကြီး ခံချင်လွန်းတဲ့သူဟာ မကြာခင်မှာ အထင်သေးခံရတက်တယ်။

24. တစ်နာရီ ပြင်းပြင်းထန်ထန် ဒေါသဖြစ်ရတာဟာ ဆယ်နာရီ အလုပ်ပင်ပင်ပန်းပန်း လုပ်ရတာထက်ပိုပြီး ပင်ပန်းပါတယ်။

25. ကောင်းတဲ့အသိုင်းဝိုင်းမှာ နေချင်ရင်ကောင်းတဲ့အသိုင်းအဝိုင်းဖြစ်လာအောင် ကိုယ့်ဖက်က တက်နိုင်သလောက် ကြိုးစားဖို့လိုတယ်။

26. ကိုယ့်မှာ အေးချမ်းမှုမရှိရင် သူများကို အေးချမ်းမှု မပေးနိုင်ဘူး။

27. အခက်အခဲဟာ ကိုယ့်အရည်အချင်းကို စိမ်ခေါ်တဲ့အရာ ဖြစ်ပါတယ်။

28. လက်တွေခြေတွေကို မသုံးပဲထားရင် ကြွက်သားတွေ အာရုံကြောတွေ သိမ်သွားမယ်။ လူ့အရည်အချင်းတွေကိုလည်း မသုံးပဲထားရင် သိမ်သွားမယ်။ သုံးနေမှ သန်မာနေမယ်၊ ကြီးထွားနေမယ်။ ဒါကြောင့် ကိုယ့်အရည်အချင်းတွေကို သုံးနိုင်ဖို့ လိုအပ်တဲ့အခြေအနေကို ရှာ၇မယ်။ ရှာလို့မရရင် ဖန်တီးရယ်။

29. ဇိမ်ခံပစ္စည်းတွေ သုံးရဖို့ထက် အများက လေးလေးစားစား ဆက်ဆံတာကို ခံရဖို့က ပိုပြီး အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်။ ပိုပြီး ဦးစားပေးသင့်တယ်။

30. ကိုယ်တန်ဖိုးထားတာနိမ့်နေရင် နိမ့်တဲ့ဘဝမျိုးကိုပဲ ပုံဖော်မိမယ်။

31. ကိုယ့်ရဲ့အသိဉာဏ်နဲ့စိတ်ဓာတ် အဆင့်အတန်းပေါ် မူတည်ပြီးတော့ ကိုယ်နဲ့ထိုက်တန်သလောက်ပဲ နားလည်နိုင်မယ်။ အသိဉာဏ်နဲ့စိတ်ဓာတ် အဆင့်အတန်း မြင့်မားရင် မြင့်မားသလောက် ပိုပြီးနက်နဲ့သိမ်မွေ့တာကို နားလည်မယ်။

32. ကိုယ်က အသိဉာဏ်နဲ့စိတ်ဓာတ်အဆင့်အတန်း မြင့်မားလေ ကိုယ့်လောကဟာ ကြီးမားလေ မြင့်မြတ်လေ အနှစ်သာရ ရှိလေပဲ။

33. တကယ်တော့ လူတစ်ဦးစီဟာ ကိုယ့်စိတ်နဲ့ ကိုယ့်အသိဉာဏ်နဲ့ ကိုယ်မြင်ရ သိရ ခံစားရတဲ့ ကိုယ့်လောကထဲမှာ ကိုယ်နေကြတာပါ။ စိတ်ဓာတ်ချင် အသိဉာဏ်ချင်း မတူရင် လောကချင်းလည်း မတူနိုင်ပါဘူး။

34. တစ်ခုခုကို အဆင့်မြင့်မြင့်သိချင်ရင် ကိုိယ်ကိုယ်တိုင်က ကိုယ့်ရဲ့ သတိအဆင့်ကို မြှင့်ရမယ်၊ သမာဓိအဆင့်ကို မြှင့်ရမယ်၊ အသိဉာဏ် အဆင့်ကို မြှင့်ရမယ်။

35. လွတ်လပ်မှုဆိုတာ သူ့အလိုလို ရောက်လာတာ မဟုတ်ဘူး။ ကိုယ်က ရအောင် လုပ်ယူရတာ။

36. ကိုယ့်ဆုံးဖြတ်နဲ့ကိုယ် ကိုယ့်ဘဝကို အကောင်းဆုံးနေသွားနိုင်တဲ့လူဟာ လောကကြီးကိုလည်း အများဆုံး အကျိုးပြုနိုင်တဲ့သူဖြစ်တယ်။

37. ငါဟာ အများကို အကျိုးပြုနေတဲ့သူလား၊ အများကို အသုံးချပြီးတော့ ကိုယ်ကျိုးကို ရှာနေတဲ့သူလား။

38.တကယ်လူကြီးဖြစ်ချင်တယ် ဆိုရင်တော့ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားဝေဖန်သုံးသပ်ပြီး ကိုယ့်တာဝန်ကို ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် ရွှေးချယ်ပြီးတော့ ယူမှဖြစ်တယ်။

39. ကိုယ်ဉာဏ်နဲ့ကိုယ် သိပြီးတော့၊ ကိုယ် မှန်တယ်ထင်တာကို ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် ရွေးချယ်ပြီးတော့၊ တာဝန်လည်း ယူပြီးတော့ လုပ်နိုင်တဲ့အချိန်ကျမှပဲ တကယ်လူပီသတဲ့လူ ဖြစ်လာပြီလို့ ပြောလို့ရတယ်။

40. လူတစ်ယောက်ကို ကောင်းစေချင်ရင် အဲဒီလူကို တန်ဖိုးထားဆက်ဆံပါ။ အသိမှတ်ပြုမှုတွေ လေးစားမှုရှိမှုတွေဟာ အကောင်းဆုံးဖြစ်တယ််။ ကိုယ့်ကိုယ်ကို လေးစားမှု ယုံကြည်မှု တန်ဖိုးထားမှုရှိရမယ် ၊ သူတစ်ပါးကိုလည်း အဲလိုမြင်လာမယ်၊ ဟန်လုပ်ကိုယ်ဖို့ဆက်ဆံရတာ ပင်ပန်းပါတယ်၊ ဝန်ထုပ်ဝန်ပိုးဖြစ်တယ်၊ ပွင့်ပွင့်လင်းလင်း အကောင်းဆုံးပြောဆိုဆက်ဆံပါ ကိုယ်မှာ ရှိတဲ့ အကောင်းအဆိုးကို လက်ခံပါ ၊ အကောင်းကိုလည်း လက်ခံပါ ၊ အဆိုးကိုလည်း လက်ခံပါ၊

41. ငါဘယ်လိုလူဖြစ်လာမလဲဆိုတာ ငါနေ့စဉ် အချိန်တိုင်း အချိန်တိုင်းမှာ ဘာတွေဆုံဖြတ်နေသလဲဆိုတာပေါ်မှာ မူတည်တယ်။

42. အသိဉာဏ်အဆင့်အတန်း မြင်မားလေလေ လေးစားမှု အသိအမှတ်ပြုမှုကို တန်ဖိုးထားလေလေပါပဲ။

43. ကိုယ်တက်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ပြီးပြီဆိုရင် ဘာလိုသေးသလဲ။

44. မိုးကို မျှော်ကြည့်ပါ။ ဒါပေမဲ့ ခြေထောက်နဲ့ မြေကြီးနဲ့ မလွတ်ပါစေနဲ့။ ----------------------------------------------------------