"လိုချင်လျှင် ဆင်းရဲသည်။ မလိုချင်လျှင် ချမ်းသာသည်။" လိုချင်တာက သမုဒယသစ္စာပါ။ မေတ္တာထားမူလေးမှာ သမုဒယတွေများသွားရင် စိတ်ဟာဆင်းရဲပင်ပန်းသွားတက်ပါတယ်။ မေတ္တာထားတဲ့အခါမှာ တစ်ယောက်ကိုတစ်ယောက်ဟာ လွတ်လပ်နေတဲ့မေတ္တာထားမူကိုသာ ရှိစေချင်ပါတယ်။ ဒီလိုထားနိုင်ရင် တကယ်လဲခိုင်မာတဲ့ မေတ္တာတရားကိုရရှိနိုင်တဲ့အပြင် မေတ္တာကို ပေးရတဲ့လူအဖို့မှာလည်း လွတ်လပ်ပြီး
စိတ်ချမ်းသာနေသလို၊ ခံရတဲ့လူအဖို့မှာလည်း လွတ်လပ်နေပါတယ်။ အင်မတန်မှ နှစ်ဦးနှစ်ဖက်အကျိုးရှိ
နေတယ်နော်။
တကယ် မေတ္တာစစ်ကိုသာထားတက်ရင် ဘဝမှာနေရထိုင်ရတာဟာ အင်မတန်စိတ်ချမ်းသာနိုင်မှာပါ။ ဘာာလို့လဲဆိုတော့ တစ်ယောက်ယောက်ကိုချစ်သွားပြီး သံယောဇဉ်စိတ်တွေအလွန်ဖြစ်သွားပြီ၊ သမုဒယစိတ်တွေကြီးမှားသွားပြီးဆိုရင်မေတ္တာထားနည်းလေး
တွေမှားသွားတက်ကြတယ်။ မိဘတွေမှာဆိုလျှင် မေတ္တာတရားထားရှိတက်ဖို့ဟာ အလွန်ကိုလိုအပ်ပါတယ်။ လူငယ်တွေကို မြေတောင်မြှောက်တာ၊ သားသမီးတွေကို ပြုစုပျိုးထောင်မူဟာ မှန်ကန်နေဖို့အရေးကြီးပါတယ်။သားသမီးတွေကိုချစ်တယ်၊ ချစ်တယ်နဲ့ရင်ခွင်ထဲကမချပဲဖြစ်နေတာတို့၊ ကိုယ့်ရဲ့မျက်စိအောက်က အပျောက်မခံတာတို့၊ ဒါတွေဟာမသိမသာ ဘဝရှေ့ရေးအတွက် စိုးရိမ်စရာတွေဖြစ်လာခဲ့တယ်နော်။

သားသမီးတွေကို ငါမပါရင်မပြီးပါဘူးဆိုတဲ့စိတ်၊ ဘယ်သွားသွားဘယ်လာလာ စိတ်မချဘူးဆိုတဲ့စိတ်တွေထားတက်တာ၊ အစိုးရိမ်လွန်စိတ်တွေဖြစ်သွားတက်တာဟာ မကောင်းပါဘူး။ ဒါဟာ သူတို့မှာလည်း လွတ်လပ်စွာလုပ်ပိုင်ခွင့် မရှိဘူးလို့ စိတ်ထဲမှာ ခံစားမိမှာပါ။ ငါ ဒါကို လုပ်လိုက်ရင် ငါ့အမေများ ခွင့်ပြုပါ့မလား၊ ငါ လုပ်တာကို ငါ့အမေများကြိုက်ပါ့မလား ဆိုတဲ့ ဆုံးဖြတ်ချက်မရဲတရဲတွေ စဉ်းစားလာမိမှာပဲ။ သားသမီးကို အုပ်ထိန်းတာ မလိုဘူးလားဆိုတော့ လိုပါတယ်နော်။ ဒါပေမဲ့ အဲဒီလိုချစ်တာဟာ တကယ်ချစ်တက်ဖို့လိုတယ်နော်။ တစ်ဖက်မှာလည်း သူတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်မူတွေ၊ ထိုးထွင်သိမြင်မူတွေကို လျော့ပါးကုန်မှာကိုလည်း တစ်ဖက်မှာကြည့်ရမယ်နော်။ တကယ်သားသမီးကို ချစ်တယ်ဆိုရင် သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်မူ၊ သူ့တို့ရဲ့သိိမြင်မူတွေကို ပေးထားရမယ်နော်။ နောက်ပြီးသူ့ရဲ့ အောင်မြင်မူတွေကို အလေးအနက်ပြုပေးရမယ်။ ဒါမှ သားသမီးနဲ့မိဘကြားမှာ တကယ်ပွင့်လင်းနဲ့ ရင်းနှီးဖော်ရွေတဲ့ဆက်ဆံမူမေတ္တာရှိလာလိမ့်မယ်နော်။ သားသမီးကိုပဲဖြစ်ဖြစ်၊ တကယ်ခင်မင်ကြတဲ့မိတ်ဆွေအရင်းချာတွေကိုပဲဖြစ်ဖြစ်ချစ်တက်တာ၊မှန်ကန်စွာမေတ္တာထားတက်မူလေးပါ။
တစ်ယောက်နဲ့တစ်ယောက်ကြားမှာအဆင်မပြေမူတွေ၊စိတ်အနှောက်အယှက်ဖြစ်မူတွေဖြစ်လာနေတယ်ဆိုတာဟာ ငါသူ့အပေါ်မေတ္တာထားမှားနေလို့ပဲလို့ သိထားရမယ်။ တကယ်မေတ္တထားတက်လာပြီဆိုရင်တော့ ဒါတွေဟာ မရှိသလောက်ဖြစ်လာမှာပါ။ သူ့အကျိုးလည်း ဖြစ်၊ ကိုယ့်အကျိုးလည်း တကယ်ဖြစ်ပါတယ်နော်။ လွတ်လပ်မူ အင်မတန်ရှိပြီးတော့ စိတ်ချမ်းသာတယ်နော်။ 
တကယ်တော့ ကျွန်တော်တို့တွေ တစ်ယောက်ကိုပဲဖြစ်ဖြစ် ချစ်သွားပြီဆိုရင်တော့ အဲဒီလူကိုမေးကြည့်  “သူ့အကျိုးကို မင်း လိုလားလားလို့ မေးရင် လိုးလားတယ်လိုပဲ” ဖြေမှာပါနော်။ တကယ်တော့ အဲလိုဖြေတယ်ဆိုရင် တကယ်ပဲ သူ့အကျိုးကို လိုလားပြီလား၊ ဒါမှမဟုတ် ငါလုပ်ပေးတာတွေက သူ့အတွက် တကယ်အကျိုးဖြစ်နေလား၊ တကယ် အကျိုးဖြစ်မနေဘူးလား ဆိုတာကို သေသေချာချာစဉ်းစားကြည့်ဖို့ လိုမယ်နော်။ ဒါ တကယ်နက်နက်နဲနဲ စဉ်းစားကြည့်ရမှာနော်။ ဒီနေရမှာ ချစ်တယ်ဆိုတဲ့ အသုံးအနှုန်းကို မေတ္တာလိုပဲ ပြောမယ်နော်။ တကယ်တော့ချစ်တာနဲ့တကယ်မချစ်တက်သေးတာကို ခွဲခြားသိမိဖို့လိုပါတယ်။ တကယ်တော့ ကိုယ်က ချစ်တော့ ချစ်တယ်နော်။ ဒါပေမဲ့ ကိုယ့်ရဲ့ချစ်ခဲ့ရတဲ့သူ့အတွက်မှာတော့ တကယ်မချစ်ရာရောက်သွားတာရှိတယ်နော်။ တချို့က တွေးမယ်နော်။ ငါကတော့ သူ့ကို ချစ်လိုက်တာ၊ သူက ငါ့အပေါ်ကိုဆို တစ်ချက်လေးမှ မကြည့်ဘူး။ ငါစေတနာထားသလောက် သူက ပြန်မထားဘူး။ ဒါဟာ တကယ်မချစ်သေးတာကို ဖော်ပြတယ်နော်။ အချစ်ခံရတဲ့သူမှာလည်း စိတ်ချမ်းသာမူ မရှိဘူး။ ချစ်တဲ့လူကလည်း စိတ်တွေဆင်းရဲနေမယ်နော်။ ဘယ်သူမှ လွတ်လပ်မူ မရှိတော့ဘူးနော်။ တကယ်ပြန်စဉ်းစားကြည့်နော်။ ဘာကြောင့် အဲလိုဖြစ်ရလည်းဆိုတော့ ကိုယ်ကတော့ ချစ်တယ်နော်။ ဒါပေမဲ့ ကိုယ်အချစ်ခံရတဲ့သူကတော့ ကြောက်နေရမှာနော်။ ဘာလို့လည်းဆိုတော့ တစ်ယောက်ကချစ်တယ်။ သူ့ကို လိုအပ်တာတွေကို အကုန်လုပ်ပေးတယ်နော်။ လိုလေးသေးမရှိဖြည့်ဆည်းပေးတယ်နော်။ သူ ဘာတစ်ခုခုကိုပဲလုပ်လုပ် ကိုယ့်အကူအညီပါမှ ကြိုက်တယ်နော်။ သူ ကိုယ်တိုင်လုပ်တာကိုတောင် မကြိုင်ချင်တော့ဘူးနော်။ ကိုယ့်ကို dependent မှီခိုမူ ဖြစ်မှ ကြိုက်တယ်နော်။ အဲလိုလုပ်ပေးနေတာဟာ နောက်ဆုံး ဘယ်လိုဖြစ်သွားမလဲဆိုရင် ကိုယ့်ကို မှီခိုမူဖြစ်အောင် လုပ်ပေးခံနေရတဲ့လူဟာ အကုန်ညံ့ဖျင်းကုန်မယ််။ ဘာလို့လည်းဆိုတော့ သူ့မှာ ကိုယ်ပိုင်ဉာဏ်စွမ်းတွေ၊ ကိုယ်ပိုင်တွေးခေါ်မူ၊ ဆုံးဖြတ်မူတွေ အကုန်လျော့ကုန်တယ်။ မရှိတော့ဘူးနော်။ တကယ်ဆိုရင် အဲဒါချစ်တက်တာမခေါ်ဘူးနော်။ ကိုယ်ကတော့ချစ်တော့ချစ်ပါတယ်။ သူ့ကို အကုန်အစစအရာရာဖြည့်ဆည်းပေးတယ်။ တကယ့်တော့ အဲလိုလုပ်ပေးရင် စဉ်းစားကြည့်နော်။ ကိုယ်မရှိတော့ရင် သူ ဘယ်လိုနေမှာလဲ။ ကိုယ်က သူနဲ့ အမြဲနေနိုင်မှာလား စဉ်းစားရမယ်နော်။ အဲဒါဟာ ကိုယ်က သူ့ကို ချစ်တယ်ဆိုတာ အကျိုးမရှိတော့ဘူးနော်။ တကယ်စစ်မှန်တဲ့ နှောင့်ကြိုးမပါတဲ့မေတ္တာဟာ ပေးရတဲ့လူမှာလည်း လွတ်လပ်နေသလို ခံရတဲ့သူမှာလည်း လွတ်လပ်တယ်နော်။ နှစ်ဦးနှစ်ဖက်လုံး ပျော်ရွှင်တယ်။ တကယ်လို့ ကိုယ်က မျှော်လင့်နေမယ်ဆိုရင် “ငါ မျှော်လင့်နေတာများ ဘယ်တော့ရမလဲ” တွေးနေတယ်နော်။ မရရင် ဘာများလုပ်ရပါ့မလဲ တွေးနေရတယ်နော်။ ငါ ဘာမှ မမျှော်လင့်ဘူး။ သူ့ကို ငါ တက်နိုင်တာလုပ်ပေးလိုက်တယ်။ဒါဟာငါ့ရဲ့ သူ့အပေါ်မှာထားတဲ့မေတ္တာပဲဆိုရင် ကိုယ့်မှာလည်း လွတ်လပ်နေတယ်နော်။ အပေးခံရတဲ့သူမှာလည်း လွတ်လပ်မယ်။ စိတ်ချမ်းသာမူရှိတယ်။ တကယ်လို့ မျှော်လင့်နေတယ်ဆိုရင် အမျှော်လင့် ခံရတဲ့လူမှာလည်း နေ့တိုင်းစိတ်ထဲမှာ တွေးနေမှာပဲနော်။ သူ ငါ့ကိုကူညီမူပေးထားတာဟာ ငါ့အပေါ်မှာ သူ တစ်ခုခုမျှော်လင့်နေမှာပဲလို့ တွေးနေပြီးတော့ အကြွေးဆပ်ရမယ့်လူတစ်ယောက်လို ခံစားနေရမှာနော်။ ကူညီတဲ့သူကိုတွေ့ပြီဆိုရင်လည်း အကြွေးမဆပ်သေးဘူးလားလို့? မေးနေသလို သူခံစားနေရမှာပဲနော်။ နောက်ပိုင်းအဲဒါဟာ အဆင်မပြေမူတွေတွေ့လာမယ်။ ဒါကြောင့် ငါ သူ့ကို ချစ်တာဟာ မျှော်လင့်ချက်ပါလား မပါလား အရင်စဉ်းစားရမယ်နော်။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်တယ်နော်။ ဒါဟာ တကယ့်လေးနက်တဲ့ စဉ်းစားဆင်ခြင်မူ၊ အင်မတန် ခက်ခဲတဲ့ အလုပ်ပါပဲနော်။ မျှော်လင့်ချက်မပါတော့ဘူးဆိုရင် သူ့ကို ငါ မေတ္တထားနိုင်ဖို့ရာ၊ သူ့အကျိုးကို ငါ တကယ်လုပ်ပေးနိုင်ဖို့အရာဆို၊ အဲ့ဒီသူဟာ ကိုယ့်ရဲ့ မှှီခိုမူအကင်းဆုံးနဲ့ လုပ်နိုင်ဖို့ကိုပဲ တွေးပေးရမယ်။ တကယ်မေတ္တာထားနိုင်လာပြီဆိုရင် ကိုယ့်က သူ့ကို ပျော်ရွှင်စေချင်ရင်တောင်မှ သူ့ဟာသူ စိတ်ချမ်းသာပြီးနေနိုင်အောင် နည်းလမ်းပေးရမယ်နော်။ ကိုယ်ရှိမှ ပျော်ရမယ်။ ကိုယ်လုပ်ပေးမှ ပျော်ရမယ်ဆိုရင်၊ ဒါဟာ သမုဒယတွေပါနေသေးတယ်။ မေတ္တာကနည်းပြီး သမုဒယကများနေပြန်ရင်လည်း မကောင်းပြန်ဘူး။ သမုဒယကျတော့ သံယောဇဉ်ကြီးကြီးထားမိလို့ ကိုယ့်မှာလည်း စိတ်ခံစားမူတွေများမယ်နော်။ အဲဒါကျတော့ ကိုယ့်မှာလည်း လွတ်လပ်မူမရှိတော့ဘူးတဲ့။ မင်းလည်း စိတ်ချမ်းသာဖို့ ကိုယ့်စိတ်ကို ကိုယ့်ဘာသာပြန်ကြည့်။ ပြောပြရမယ်။ နည်းလမ်းတွေ ချပြရမယ်။ တစ်ခုခု အခက်အခဲဖြစ်ရင် ငါပေးမယ်။ အကူအညီလိုရင် ငါပေးမယ်။ အဲဒါဆို ဒါ သူ့အပေါ်တကယ်မေတ္တာထားတာလို့ ဆိုနိုင်မယ်နော်။ အဲဒီလို မေတ္တာစစ်ဆိုတာဟာ ကြာလေလေ ကိုယ့်ကိုယ်မှီခိုမူ မရှိအောင် အထောက်အကူပေးလေလေပဲတဲ့။ မှီခိုမူပေးအောင်လုပ်နေရင် မေတ္တထားတာ မဟုတ်သေးဘူး။ သူ့ကို အားငယ်အောင်၊ ကြောက်နေအာင်လုပ်ပေးနေတာနဲ့တူလာတယ်နော်။တကယ်မေတ္တာထားတာမခေါ်သေးဘူး။သူတစ်ခုခုသိချင်တယ်ဆိုရင်တောင်မှအကုန်ကိုယ့်ပါးစပ်ကနေမပြောဘူးနော်။ နည်းနည်းပဲ ပြောပြီး အဲဒါကို နောက်ထပ် မင်းသိအောင် မင်းဘာသာ မင်း လေ့လာ ဆိုပြီးတော့ ပြောရမှာနော်။ ဒါမှ သူဟာ တစ်ခုခုကို သိချင်လာပြီဆိုရင် ကိုယ့်အားကိုယ်ကိုးပြီး အများကြီးလိုက်ရှာ၊ သူ့ဘာသာ စဉ်းစားပြီး အချိန်တွေအများကြီးပေးပြီးလေ့လာတော့ အသိဉာဏ်တွေ တိုးတက်လာမယ်နော်။ ဒါမှ နောက်ဆို တစ်ခုခု သိချင်ဖို့ဆို အလွယ်တကူ သိလာတော့မယ်နော်။ သူ့ရဲ့ကိုယ်ပိုင်အသိဉာဏ်နဲ့သူ ကြီးထွားလာတာ၊ တိုးတက်လာတာပဲ ဖြစ်ပါစေ။ ဒါကြောင့် ကိုယ်က စစ်မှန်တဲ့မေတ္တာနဲ့တွေးနိုင်ဖို့ သိနိုင်ဖို့အတွက်သာ ကိုယ့်အတွက် အကောင်းဆုံးပဲနော်။ အဲဒီလို ကိုယ့်စိတ်နဲ့ကိုယ့်သန္တာမှာဖြစ်လာတဲ့ မေတ္တာစိတ်ဟာ သိပ်ပြီးတော့ ကိုယ့်အတွက်၊ ခန္ဓာကိုယ်အတွက် အဟာရဖြစ်လာတယ်။ အားဖြစ်လာတယ်နော်။ ပေးရတဲ့သူမှာရော ခံရတဲ့သူမှာရော နှစ်ဦးနှစ်ဖက်စိတ်ချမ်းသာမူ ရမယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်မေတ္တာထားရာမှာ တကယ့်စစ်မှန်တဲ့ မေတ္တာထားတက်ဖို့ အရေးကြီးပါတယ်။ ဒါဟာ မိဘတွေနဲ့သားသမီးတွေမှာလည်း တကယ်လိုအပ်ပါတယ်။ တချို့က သားသမီးရဲ့ စိတ်ခံစားမူကို attention နည်းကြတယ်နော်။ ဒါဟာ မိဘတွေမှားတယ်လိုလည်း မဆိုပါဘူး။ သူ့ဟာနဲ့သူ အကြောင်းကြောင်းကြောင့်တော့ ရှိမှာပါ။ ဒါပေမဲ့ ကိုယ်ထားတဲ့မေတ္တာဟာ တခြားသူအတွက် စိတ်အနှောက်အယှက်မဖြစ်ဖို့၊ ဒုက္ခမဖြစ်ဖို့ကတော့ အလွန်အရေးကြီးပါတယ်။ နောက်ဆုံးပြောချင်တာကတော့ "သူ့ဘဝမှာ ငါဟာအရေးပါဆုံး ငါရှိမှ ဖြစ်မှာဆိုတာတွေ မထားမိစေဖို့ပါပဲ။ သူ့ဘဝမှာ သူသာလျှင်အရေးပါဆုံးဆိုတာကို သိအောင်လုပ်ပေးပြီး တကယ်မေတ္တာထားတက်ဖို့ ချစ်တက်ဖို့ကို လိိုပါတယ်" လို့ပဲ ပြောချင်ပါတယ်။

အချစ်ဒိုင်ယာရီ(၁)(၂)(၃)က ကဗျာပုံစံမဟုတ်ပါဘူး။ ဖတ်မိတဲ့လူ စိတ်ကျေနပ်မူမရရင် တောင်းပန်ပါတယ်ဗျာ။ ငယ်စဉ်က ခံစားမိတဲ့ အချစ်အကြောင်းလေးရေးဖွဲ့ထားတာပါ။ အသက်ငယ်စဉ်တုန်းကဖြစ်တဲ့အချစ်လေးတွေကို ပြန်ပြီးတမ်းတမိလို့ပါဗျာ။ ရိုးသားမူရှိတယ်။ နှလုံးသားဟာ စကားသိပ်မပြောတက်တဲ့ကလေးရဲ့ဘဝနဲ့ တူတယ်။ နုနယ်တဲ့အချစ်ခံစားမူလေးတွေပါ။ လွတ်လပ်တယ်။ ပေါ့ပါးတယ်။ ထိန်းချူပ်မူကင်းမဲ့တယ်။ ရင်ခုန်နူန်းတွေ မြန်တယ်။ အော်..ငါလည်း ဘာတွေရေးနေပါလိမ့်....မပြီးတော့ဘူး။ :D


ပြောချင်တာကတော့ဗျာ..ဟီးး အခုအရွယ်အချစ်က ကလေးဘဝလောက်လွတ်လပ်မူမရှိတော့ဘူးဗျာ။ ဆင်ခြင်မူတွေ၊ ထိန်းချူပ်မူ အတိတွေနဲ့ပေါ့ဗျာ...။


အချစ် ဒိုင်ယာရီ(၁)
တကယ်တော့
အချစ်ဆိုတာ ကျွန်တော့်အတွက်တော့
စိတ်ကူးယဉ် ဇာတ်လမ်းတပုဒ်ပါလား
မိန်းကလေးတစ်ယောက်ကို
သူမသိဘဲချစ်ခဲ့တယ်..
သူမသိဘဲ စိတ်ကူးယဉ်ခဲ့မိတယ်
သူမသိဘဲ သူ့အကြောင်းတွေးခဲ့ရေးခဲ့မိတယ်..
ကျွန်တော်သိခဲ့ရတဲ့ သူ့အကြောင်းက
ကျွန်တော့်ကို မျှော်လင့်ချက်မဲ့စေခဲ့တယ်
နောက်ထပ် ရှေ့ထပ််မတိုးဝံ့တော့ပါဘူး..
တကယ်တော့ ကျွန်တော်
သူမသိလိုက်တဲ့အဖြစ်နဲ့ပဲ
အရှုံးသမားကြီးဖြစ်ခဲ့တယ်
ဒါပေမဲ့
သူဟာ ကျွန်တော်ရင်ထဲက လမင်းလေးပါ
ကောင်ကင်က ကြယ်တွေကြွေသွားထိတိုင်အောင်
ကျွန်တော်ရင့်ထဲက လမင်းလေးဟာ ရှိနေမှာပါ
  အချစ်ဒိုင်ယာရီ(၂)


အချစ်ဆိုတာကို
စိတ်ကူးယဉ်ဆန်ဆန်နဲ့သာ
အချစ်တွေကို သိမ်းဆည်းထားမိတဲ့အတွက်
အချစ်စာမျက်နှာတရွက်မှာ
အရှုံးသမားအဖြစ် မှတ်ကျောက်တင်ခဲ့ရပြီ
အခုလည်း နောက်ထပ် စိတ်ကူးယဉ်နေမိတယ်
ကံကြမ္မာသာ ကျွန်တော့်ဘက်မှာရှိမယ်ဆိုရင်
ကျွန်တော်သူ့ကို စကားတစ်ခွန်းလောက်ပြောချင်တယ်
"ကျွန်တော်သူ့ကို အရမ်းချစ်တယ်"
  
အချစ်ဒိုင်ယာရီ(၃)


အချိန်တွေ
နေ့ရက်တွေသာပြောင်းသွားတယ်
ကျွန်တော့်ရင်ထဲက
သူ မပြောင်းလဲဘဲရှိနေသေးတယ်
ညင်သာစွာ
တိုက်ခတ်လာတဲ့လေပြေရဲ့ တိုးဝှေ့သံထဲမှာ
သူ့အသံက
ို ကြားယောင်နေမိတယ်
ရုရှားရဲ့
အေးမြတဲ့ညလေပြေညှင်းကို
ကျွန်တော့်ရင်ထဲကပူလောင်မှုတွေက
အံတုလို့နေတယ်
တူနှစ်ကိုယ်ကြား စီးချောင်းခြားပြီး
အဝေးကို မျှော်ကြည့်နေရတဲ့
ကျွန်တော်ရဲ့ရင်ခွင်ဟာ
တွေဝေမိန်းမောနေတာ
သန်းခေါင်ယံကျော်ညတွေ များခဲ့ပါပြီ....

ငါက ဒေါထွက်လွယ်တဲ့ လူတစ်ယောက်ပါ
ဒါပေမယ့် နင့်အတွက်နဲ့ စိတ်လျော့ခဲ့တယ်
နင်စိတ်ချမ်းသာအောင်ပေါ့
ငါက စိတ်မရှည်တတ်တဲ့လူတစ်ယောက်ပါ
ဒါပေမယ့် နင့်အတွက်နဲ့ စိတ်ရှည်ခဲ့တယ်််
နင့်ကိုစောင့်ရင်းပေါ့
ငါကပွင့်လင်းတဲ့လူတစ်ယောက်ပါ
ဒါပေမယ့် နင့်အတွက်နဲ့
ငါ့ခံစားချက်တွေကို မျိုသိပ်ခဲ့တယ်
နင်ကြောင့်ငါ့စိတ်တွေ ပြောင်းလဲသွားတယ်


ဒါပေမဲ့
နင်က ငါ့နဲ့ဝေးရာမှာရပ်နေတယ်
ရပါတယ်
နင်အပြင်ကိုသာလှမ်းသွားပါ
ငါနင့်နောက်ကျောကိုကြည့်ရင်းပဲ
ကျေနပ်တယ်........။
နင်ရင်ထဲမှာ ငါမရှိလည်း
ငါ့ရင်ထဲမှာ နင်ရှိနေတယ် ဆိုတဲ့
အသိစိတ်နဲ့ပဲ ငါကျေနပ်ပါတယ်..


ဘာလို့စာရွက်ပေါ်ချရေးတိုင်းငါ့အချစ်တွေက
ပေးဆပ်ခြင်း ဖြစ်သွားရတာလဲ
တကယ်ဆို ငါလည်း ရယူခြင်းကို
တစ်ဝက်တော့ပိုင်ခြင်သေးတယ်
နင်မပေးတော့လည်း ငါလုုမယူပါဘူး
နင်စိတ်ချမ်းသာဖို့ကိုပဲရှေးရှု ခဲ့လို့
ငါဒီလိုပဲ အေးဆေးတည်ငြိမ်ခဲ့တာပေါ့...


ဒီလိုနဲ့ပဲ တွေးဝေမိန်းမောလို့နေတာ
သန်းခေါင်းယံကျော်ညတွေများခဲ့ပြီ
နောက်ထပ်ကော
ငါ့အတွေးထဲမှာ ဘာတွေစဉ်းစား နေအုံးမလဲ...?

ခြေရာ ပျောက်ညတွေနဲ့
အမှောင်ထုထဲမှာ ညစ်မူးနေရင်း
လောက အလှတရားတွေကို
မေ့နေတဲ့ငါ
ညအမှောင်ရဲ့ လရောင်အောက်မှာ
ဝိုင်တစ်ခွက် ဂစ်တာတစ်လက်နဲ့
ပျော်မွေ့နေတဲ့ငါ
ဖော်မဲ့ရင်ခွင် ငါ့ရင်ခွင်လို့
ဆိုတဲ့ငါ
အခုတော့...
ဖော်မဲ့ထီးကျန်တဲ့ ငါ့ရင်ခွင်ကို
အချစ်မြစ်တစ်စင်း
ကြာရှည်စီးဝင်ဖို့
တိုးဝင်ခဲ့ပြီ.....

ငါနဲ့အဝေးဆုံးကို ထွက်မသွားဖို့
ငါဆုတောင်းနေတာ
နင်သိပါစေ
နင်နဲ့ စကားမပြောဖြစ်တဲ့နေ့တိုင်း
နင့်ကို လွမ်းနေတာ
နင်သိပါစေ
ညတိုင်း နင့်မျက်နှာလေးကို မြင်ယောင်ပြီး
စိတ်ကူးတွေ ပုံဖော်နေတာ
နင်သိပါစေ
ဒီလိုနဲဲ့ ငါ့ရင်ထဲမှာ အချိန်တိုင်း စက္ကန့်တိုင်း
နင်ရှိနေတာ
နင်သိပါစေ..

ဖယောင်းတိုင်ရဲ့ ဂုဏ်အလင်းရောင်
မာနနဲ့ထယ်ဝါမူကို မလိုချင်
အမှောင်ကိုသာ
အလင်းဖြစ်စေ
စွမ်းအားအပြည့်နဲ့ ထွန်းလင်းမူကိုယူ
အရာအားလုံးရဲ့ ဖြစ်ပျက်သဘောနဲ့
ရှင်သန်နေမူ မပြီးဆုံးခင်
စအလယ် အဆုံး
ဖယောင်းတိုင်လေး.....။

မီးစာတို့လိုက်တာနဲ့သာ
အချိန်နှင့်အမျှ
အမှောင်ကို အလင်းအဖြစ် ဖန်တီး
အရာရာကိုထွန်းလင်းပေးနိူင်စေဖို့
ခွန်အားကို မာနထူ
မထွန်းငြိမ်းနိုင်မူ အဖြစ်ကိုသာ
ဖယောင်းတိုင်လေး.....။

သူ့ဘဝကို အရည်ပျော်ပြီး
ထွန်းလင်းမူပေးတဲ့ ဖယောင်းတိုင်ဘဝ
ရှင်သန်မူ အဓိပ္ပါယ်တွေနဲ့
ပြည့်စုံလွန်း
ဖယောင်းတိုင်တစ်တိုင်ရဲ့
ူတုနှိုင်းမဲ့အစွမ်း
ရှင်သန်မူနှင့် ပေးဆပ်မူ
ဘဝဖြစ်တည်
ဖယောင်းတိုင်လေး
မြင့်မြတ်ပါတယ််………။

အတွေးတွေဝေဝါး
စိတ်တွေလဲယိမ်းယိုင်
ဘာမှလဲမလုပ်ချင်
အာရုံထဲမင်းပုံရိပ်ပဲ
မြင်ယောင်နေတယ်
ငါ့ရဲ့ရည်ရွယ်ချက်ပန်းတိုင်
မင်း ခြေရင်းမှာ
မင်းသနားမှ
လွတ်မြောက်ခွင့်ရမဲ့ လက်တစ်စုံပါ


မှတ်မိပါသေးတယ်၊ ကျွန်တော်တို့သူငယ်ချင်းတစ်စုစကားပြောကြရင်းနဲ့ဗုဒ္ဓ၏တရားတော်အကြောင်းဘက်ရောက်သွားလိုက်တာ၊ သူငယ်ချင်းတွေ ဆွေးနွေးပြောဆိုကြရင်း ညကို မအိပ်နိုင်ဖြစ်သွားခဲ့ကြတယ်၊ အဲဒီထဲမှာ ကျွန်တော်တို့ အုပ်စုထဲကသူတစ်ယောက်က မေးခွန်းတစ်ခုမေးလိုက်တာက “ငါတို့နိုင်ငံ မတိုးတက်တာ ဘာသာတရားများကြောင့်လား၊ ကြီးပွားလိုတဲ့ဆန္ဒတွေ နည်းသွားတာ၊ ပြီးတော့ လူတွေက အမြဲမရှိဆိုတဲ့တရားနဲ့လိုချင်တက်မက်စိတ်အားနည်းလွန်းပြီးတော့ ၀ရိယတွေလျော့နည်းကုန်ကြောင်မှုလား၊ အဲဒီလိုအတွေးမျိုးဝင်သွားတာ ဒီဘာသာတရားကို ကိုးကွယ်နေမှုကြောင့်လား ” ဆိုတဲ့ အဖြေကို သိချင်စိတ်ဆော်နဲ့ မေးလိုက်တာ၊ အားလုံးကလည်း သိတော့သိနေတယ်၊ ဒါပေမဲ့ သူ့ကိုရှင်းပြဖို့ကြ စမ်းတဝါးဝါးနဲ့ ဘယ်သူမှကောင်းကောင်းအဖြေကိုတိတိလင်းလင်းမဖြေကြားနိုင်ခဲ့ကြဘူးလေ၊ တကယ်အမှန်ကိုပြောရရင်လည်း ကိုယ်ကိုယ်တိုင်အောင်လည်း ငယ်ရွယ်စဉ်က အဲလိုမျိုးထင်ယောင်မှားခဲ့မိဘူးတာကို၊ တကယ်တမ်းကျတော့ အဲလိုပြောတဲ့သူတွေဟာ မြတ်ဗုဒ္ဓရဲ့တရားကို တကယ်နားမလည်သေးလို့၊ ရှေ့မှာဖြစ်ပျက်နေတဲ့လူတွေကိုပဲ အတုမြင်အတက်သင်ပြီးတော့ အယူမှားတွေ အတွေးမှားတွေဝင်ကုန်ကြတာပါ။

ဗုဒ္ဓရဲ့တရားကိုတကယ်သိလာပြီဆိုရင်တော့ လောကီ၊လောကုတ္တရာ နှစ်ဖြာသောကောင်းကျိုးကို ထမ်းဆောင်မှာဧကန်မလွဲပါ။ ထို့ကြောင် ကျွန်တော် blog တွေမှာ စာလိုက်ဖတ်ရင်းနဲ့ အရှင်တစ်ပါး ရေးထားတဲ့ဆောင်းပါးတစ်ပုဒ်ကို ဖတ်မိလိုက်တာ အရင်သိနေတာထက်ကို အတွင်းကျကျသိလာပြီးတော့ ဗုဒ္ဓကိုကြည်ညိုစိတ်အလွန်ပွားများမိပါတယ်။ နောက်နောင် မျိုးဆက်သစ်တွေက မေးခွန်းထုတ်လာပြီဆိုရင် တကယ်အမှန်တရားကို ငါတကယ်ရှင်းပြပေးနိုင်တော့မှာလားဆိုပြီးတော့ စိတ်ထဲမှာကြည်နူးဝမ်းသာ မဆုံးဖြစ်မိတယ်။ မိတ်ဆွေတို့လည်း ကိုယ့်ရဲ့ဆွေမျိုးသားချင်း၊ မောင်နှမတွေ၊ သူငယ်ချင်းတွေက သိချင်စိတ်နဲ့အမေးထွက်လာတဲ့အခါ ပြောပြနိုင်အောင်၊ တကယ်စိတ်ထဲကနေသိတာမဟုတ်ပဲ လက်တွေ့ ဖွင့်ဟထုတ်ပြောဆိုဆုံးမပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ မသိသေးတဲ့မျိုးဆက်သစ် လူငယ်တွေ အယူမှား၊ အတွေးမှားတွေမဝင်နိုင်ဖို့ရာက ကျွန်တော်တို့လို ဘဝကိုရှေ့ကနေဦးဆောင် ခြေလှမ်း လှမ်းနေတဲ့လူကြီးတွေ၊ မိဘတွေမှာသာ တာဝန်အရှိဆုံးလို့ ဆိုလိုချင်မိပါတယ်။

ကျွန်တော့်ကို “နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ဘယ်အရာတွေက အဓိကပဓာနကျပါသလဲလို့” မေးလာခဲ့မယ် ဆိုလျှင် ကျွန်တော်မဆိုင်းမတွပဲဖြေမိမှာက “ကလေးတွေကိုပြုစုပြိုးထောင်မူလုပ်နေတဲ့ အမေ၊ အဖေ လူကြီး တွေသာ တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေ၊ အဓိကအရင်းခံတွေ” ဖြစ်ကြောင်းလို့ပဲ ဖြေမိမှာပါ။ ပြင်သစ်နိုင်ငံတွင် ပြည်သူလူထုကို နိူင်ငံတိုးတက်ဖို့အတွက် အဓိကလုပ်ဖို့ ဘာလိုအပ်ပါသလဲလို မဲပေးဆန္ဒပြုခဲ့ရာ ပြည်သူလူထု၏ မဲဆန္ဒမှ ကလေးတွေပြုစုပျိုးထောင်မူသာလျှင် အရေးကြီးပါသည်ဟု ဖြေကြားခဲ့ရာ၊ ထိုမဲအား ပြည်သူလုထုအားချပြခဲ့ရာ ပြည်သူလူထုမှလည်း နှစ်သက်ထောက်ခံ၍ ထိုအရာအား အဓိကအားထားပြုလုပ်ခဲ့ကြသည်။ ယခု ရုရှားနိုင်ငံတွင်လည်း ကလေးတွေအား ပြုစုပျိုးထောင်မှုမှာ ကျေနပ်နှစ်သက်အားရဖွယ်ကောင်းလှပေသည်။ ဒါကြောင့် ဘာမှကို မသိနားမလည်သေးတဲ့ ဖြူစင်နေတဲ့မျိိုးဆက်သစ်ကလေးတွေကို အတွေးမှား၊ အယူမှားတွေမဝင်မိစေဖို့ သာလျှင် ကျွန်တော်ဆန္ဒပြင်းပြမိပါတယ်။ ဒါကြောင့် သိတဲ့လူလည်း အကျိုးရှိ၊ အသိခံရတဲ့သူမှာလည်း စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနဲ့ အကျိုးရှိစေဖို့ဆောင်းပါးလေးကို ရှယ်ယာမျှရွေးတင်မိပါတယ်။ ဖတ်ကြည့်လိုက်ပါဦးနော်။
==========================================
အဲဒီနေ့က မှတ်မိပါသေးတယ်။ စိတ်ထဲမှာ ဘယ်လိုမှ မေ့လို့မရသော စကားတစ်ခွန်းရှိခဲ့တယ်။
``အရှင်ဘုရား မြန်မာလူမျိုးများဟာ ဆင်းရဲတာ ဟာတိုးတက်ကြီးပွားလိုတဲ့ ဆန္ဒနည်းလို့ပါဘုရား၊ ဘာကြောင့်အဲဒီလိုဖြစ်ရသလဲလို့ စဉ်းစား လိုက်တော့ `ပစ္စည်း ဥစ္စာဆိုတာ သေရင် ကိုယ့်နောက်မပါဘူး၊ ကိုယ့်နောက်ပါမှာက တရားပဲ၊ ဘဝဆိုတာ အနှစ်ရှာလို့မရဘူး၊အကာ သက်သက်ပါ၊ ဘယ်ဟာမှ အမြဲမရှိ၊ ချမ်းသာတဲ့လူလဲ သေရမှာပဲ၊ ပညာတတ် ပုဂ္ဂိုလ်ကြီးလဲ သေရမှာပဲ´စတဲ့ တရားတွေကြောင့်ပါ၊ ဒီတရားတွေကို နာနေရတော့ လူတွေဟာ စိတ်ဓာတ် တက်ကြွမလာပဲ တိုးတက်ကြီးပွားလို တဲ့ဆန္ဒနည်းသွားကြတယ်၊ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ ဆင်းရဲ ကြတာ ဘုရား´´ ဟူသောစကားပင်တည်း။

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတစ်ယောက်က လျှောက်သောစကား ဖြစ်၏။ မိမိစိတ်ထဲမှာ တုန်လှုပ် ခြောက်ခြား သွားပါတော့၏။ ``ဟာ ဒုက္ခပဲ၊ ဘုရားရှင်ရဲ့တရားကြောင့် မြန်မာလူမျိုးတွေဟာ ဆင်းရဲနေတယ် ဆိုပါလား၊ ဘုရားမြတ်စွာရဲ့တရားဟာ လူတွေကို စိတ်ဓာတ်ကျအောင်လုပ်နေသလို ဖြစ်နေသတဲ့၊ ဘုရား ဘုရား´´ ဟု ငြီးတွားမိတော့သည်။ ထိုသူသည် ဗုဒ္ဓဘာသာကို ကိုးကွယ်သူတစ်ယောက်ဖြစ်၏။ ယင်းကဲ့သို့ ပြောခြင်းသည် ဘုရားမြတ်စွာကို မကြည်ညိုသောကြောင့် မဟုတ်ပေ။ ဘုရားမြတ်စွာအကြောင်းကို ခရေစေ့ တွင်းကျ မသိရှိ သောကြောင့်တည်း။

``ဝီရိယ၀တော ကိ ံ နာမ ကမ္မံ နသိဇ္ဈတိ- ဝီရိယရှိလျှင် မည်သူ့အဘိဓာန်မှာဖြစ်ဖြစ် မဖြစ်နိုင်ဆိုသော ဝေါဟာရမရှိ။ အရိုးကြေကြေ အရေခန်းခန်း ကြိုးစားသူတို့သည် ဘယ်နေရာမှာဖြစ်ဖြစ် အောင်မြင်မှုသရဖူကို ဆွတ်ခူးနိုင်ပေ၏´´ စသည်အားဖြင့် ဟောထားသော မြတ်ဗုဒ္ဓ၏တရားများ ရှိပေသည်သာ။ ထို့ကြောင့် ဘုရား မြတ်စွာ၏ တရားတော်သည် လောကီဘက်မှာပဲဖြစ်ဖြစ်၊ လောကုတ္တရာဘက်မှာပဲ ဖြစ်ဖြစ် ကြီးပွားတိုးတက် ဖို့အတွက် အားပေးသော တရားများဖြစ်ပါသည်။

သူဋ္ဌေးသား သိင်္ဂါလကို ဆုံးမထားသည့် မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ်၊ တပည့် ကျင့်ဝတ်စသော ဘုရားမြတ်စွာ၏ အဆုံးအမများကိုသာ တစ်ကမ္ဘာလုံး လိုက်နာကြမည်ဆိုလျှင် ယနေ့ နိုင်ငံတကာ ပြဿနာပေါင်းစုံကို ဒိုင်ခံဖြေရှင်းပေးနေရသော ``ကမ္ဘာ့ကုလသမဂ္ဂဋ္ဌာနချုပ်´´တောင် လိုမည် မဟုတ်တော့ပေ။

အမှန်က ဗုဒ္ဓဘာသာဝင်များ ကြီးပွားတိုးတက်မှုနည်းခြင်းသည် အမြင်မကျယ်ခြင်း၊ ကိုယ့်အချင်းချင်း ကူညီရိုင်းပင်းမှုနည်းခြင်း၊ အေးတိအေးစက်နေတတ်ခြင်း၊ လူမျိုးခြား ဘာသာခြားတို့၏ ညီညွတ်မှုကို အတု မယူခြင်းစသည်တို့ကြောင့် ဖြစ်ပါသည်။

နိုင်ငံရပ်ခြားတိုင်းပြည်၌ အလုပ်လုပ်နေသည့် လူငယ်တစ်ယောက်က ``တပည့်တော်တို့ မြန်မာ လူမျိုးတွေက အလုပ်တူရင် ငြူဆူတယ်ဘုရား။ မနာလိုဝန်တိုဖြစ်တယ်။ အဆင်ပြေတာကို ဝမ်းမသာနိုင်ဘူး။ အချင်းချင်း ရာထူး ဂုဏ်ယှဉ်ချင်ကြတယ်။ ပြီးတော့ အောင်မြင်နေတဲ့သူကလည်း ကိုယ့်အချင်းချင်း နှိမ်ချင်တယ်။ ဒီလိုစိတ်ဓာတ်တွေက တပည့်တော်တို့မြန်မာလူမျိုးတွေရဲ့နှလုံးသားကို လှိုက်စားနေပါတယ်၊ ဗုဒ္ဓဘာသာ ဝင်ဖြစ်နေပြီး ဘာ့ကြောင့် ဒီလိုအောက်တန်းကျတဲ့စိတ်တွေ ဖြစ်နေတာလဲ မသိပါဘူးဘုရား´´ဟု မြန်မာလူမျိုး များကို အားမလိုအားမရဖြစ်ရကြောင်း လျှောက်ထားဖူး၏။


ယင်းသို့ကူညီမှု ရိုင်းပင်းမှု စည်းလုံးမှု ညီညွတ်မှုမရှိသောကြောင့် မြန်မာ့စီးပွားရေးဈေးကွက်များကို ဗုဒ္ဓဘာသာဝင်တို့က ဦးမဆောင်နိုင်ကြတော့ပေ။ မြို့ကြီးပြကြီးတို့၏ အချက်အခြာကျသည့်နေရာများများ၌ ဗုဒ္ဓဘာသာဝင်တို့ ပိုင်ဆိုင်သော စားသောက်ဆိုင်ကြီးများ၊ ကုန်တိုက်ကြီးများ၊ အဆောက်အဦးများကို တွေ့ဖို့ ခဲယဉ်းလှပေသည်။

ဖြစ်သင့်တဲ့လောဘ
ကြီးပွားတိုးတက်ချင်သော ဆန္ဒဖြင့် စီးပွားရေးလုပ်ခြင်းကြောင့် လောဘဖြစ်သည်မှာ မှန်ပေ၏။ သို့သော် လောဘဖြစ်တိုင်း ဒုစရိုက်ဟု ပြောလို့မရပေ။ လောဘသည် ၂-မျိုးရှိပေသည်။ တရားသောလောဘနှင့် မတရား သော လောဘတို့တည်း။ အများအတွက် (မိသားစု၊ ရပ်ရွာ၊ အမျိုး၊ ဘာသာ၊ သာသနာအတွက်) ရည်ရွယ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်လျှင် ``တရားသောလောဘ´´ ဖြစ်၏။ (သေဝိတဗ္ဗတဏှာ-ဟုခေါ်၏)။ ဆိုလို သည်ကား ယင်းတရားသောလောဘကြောင့် ကုသိုလ်ကောင်းမှုများ တပွေ့တပိုက်ကြီး ရနိုင်ခြင်းပင်။ ထို့ကြောင့် တရားသောလောဘသည် ဖြစ်သင့်သောလောဘတည်း။ မိမိမှာ ပစ္စည်းဥစ္စာ များများရှိလျှင် စာသင်ကျောင်းပဲ ဆောက်ဆောက်၊ ရေတွင်းရေကန်ပဲ တူးတူး၊ မိဘဆွေမျိုးတွေကိုပဲ ထောက်ပံ့ထောက်ပံ့၊ ဆေးရုံကိုပဲလှူလှူ မိမိကြိုက်သည့်ကုသိုလ်ကို လုပ်နိုင်ပေသည်။ မိမိလုပ်ချင်သည့် ဘာသာရေး လူမှုရေးလုပ်ငန်းမှန်သမျှကိုလည်း လုပ်နိုင်၏။ အူမတောင့်မှ သီလ စောင့်နိုင် သည် မဟုတ်ပါလော။
ကျောင်းဒကာကြီး အနာထပိဏ် ကျောင်းအမကြီး ဝိသာခါတို့ ကျောင်းတိုက်ကြီးဆောက်လုပ်ပြီး သာသနာပြုနိုင်ခြင်းသည် ဓနဥစ္စာကြွယ်၀သောကြောင့်ပင်တည်း။ ဘုရင်မင်းမြတ်အနော်ရထာသည်သည် နိုင်ငံ တော်ကြီးကို ပြုပြင်ပြောင်းလဲခဲ့၏။ ဘုရားပုထိုးများတည်ခဲ့၏။ ဆည်မြောင်းတာတမံများကို ဆောက်လုပ်၏။ ရှေး အခေါ် ပိဋကတ်တိုက် ၊ ယခုခေတ်အခေါ် စာကြည့်တိုက်များကိုလည်း တည်ဆောက်ခဲ့၏။ ထို့ကြောင့် ``စာကြည့်တိုက်အစ ပိဋကတ်တိုက်က´´ဟုပင် ပြောနိုင်ပါ၏။ ယင်းသို့ တိုင်းကျိုးပြည်ပြုအလုပ်များကို လုပ်နိုင် ခြင်းသည် တန်ခိုးသြဇာ ကြီးမားသောကြောင့်ပင်တည်း။ ယင်းတန်ခိုးသြဇာ၊ ဓနဥစ္စာတို့သည်ကား တန်ဖိုးရှိရှိ အသုံးချတတ်လျှင် နိဗ္ဗာန်ဆိပ်ကူးတံတားပင် တည်း။ ဦးအနာထပိဏ်၊ ဒေါ်ဝိသာခါ၊ ဘုရင်အနော်ရထာတို့ကား တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ဖြင့် နတ်ရွာ နိဗ္ဗာန်သို့ တက်လှမ်း သွားကြကုန်ပြီ။ ထို့ကြောင့် တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ကို ရရှိအောင် ကြိုးစားသင့်လှပါသည်။ တတ်နိုင်သူများအနေဖြင့် တိုက် ၁-လုံးကနေ တိုက် ၁၀-လုံး ၁၅-လုံးဖြစ်အောင်၊ ကား ၁-စီးကနေ ကား ၁၀-စီး ၁၅-စီးပိုင်အောင် စီးပွားရေးလုပ်ကြစမ်းပါ။ မိမိတို့ ဗုဒ္ဓဘာသာဝင်တစ်ယောက် သန်းပေါင်းများစွာ ချမ်းသာသော သူဋ္ဌေးသူကြွယ်ဖြစ်နေလျှင် မြန်မာလူမျိုးတို့အနေဖြင့် အင်မတန် ဂုဏ်ယူသင့်ပေသည်။
မြွေပွေး၏ ပါးစပ်ထဲသို့ရောက်သွားသည့် မိုးရေစက်သည် အဆိပ်ဖြစ်သွားသော်လည်း မုတ်ကောင်၏ ပါးစပ်ထဲသို့ ရောက်သွားသော မိုးရေစက်သည်ကား ပုလဲဖြစ်သွားပေသည်။ မိုးရေစက်ခြင်းတူသော်လည်း တန်ဖိုးခြင်း မတူတော့။ လောကကြီးသည် ခြွေမှ ရံ၏။ မခြွေလျှင် မရံပေ။ မှန်၏။ တချို့ဆင်းရဲသောဗုဒ္ဓဘာသာဝင်များသည် ဘာသာခြားတို့က ဓနဥစ္စာများဖြင့် ထောက်ပံ့ကြသောကြောင့် ဗုဒ္ဓဘာသာကို ကျောခိုင်းသွားတော့သည်။ အဘယ်သို့ ကာကွယ်မည်နည်း။ တန်ခိုးသြဇာ၊ ဓနဥစ္စာတို့သာရှိလျှင် ယင်းမိသားစုများကို စားနပ်ရိက္ခါ တို့ဖြင့်ထောက်ပံ့ပြီး ဗုဒ္ဓဘာသာဝင်ထဲသို့ရောက်အောင် ပြန်ပြီးစည်းရုံးနိုင်ပေမည်။ ထို့ကြောင့် အရင်းအနှီး တောင့်တင်းသော ဗုဒ္ဓဘာသာဝင်တို့သည် စက်ရုံအလုပ်ရုံ၊ ကုန်တိုက်စသည်များကို တည်ထောင်နိုင်အောင် ကြိုးစားသင့်လှပေသည်။ ဓနဥစ္စာတို့ရှိမှသာလျှင် ကိုယ့်လူမျိုးများကို ထောက်ပံ့နိုင်မည်မဟုတ်ပါလော။

တစ်ကျပ်နှင့်တစ်ရာ ဘယ်ဟာကို ယူမှာလဲ
မြတ်စွာဘုရားရှင်သည် အလောင်းတော်ဘဝမှစ၍ ဘုရားဖြစ်သည့်တိုင်အောင် ကိုယ့်အမျိုး၏ အကျိုး စီးပွားကို လုပ်ခဲ့ပါသည်။ အလောင်းတော်ဘဝက ကိုယ့်အမျိုးကို ပျက်စီးအောင် လုပ်သူများအား ကာကွယ်သော အားဖြင့် တိုက်ခိုက်ချေမှုန်းခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။ ကိုယ့်အမျိုးကို စော်ကားသူများကို မိမိနှင့် မဆိုင်ပါဘူးဟူသော စိတ်ဖြင့် ဦးခေါင်းငုံ့ မခံခဲ့ပေ။ တစုံတစ်ယောက်ကြောင့် လူသူလေးပါး ဒုက္ခရောက်နေလျှင် ထိုတစုံတစ်ယောက်ကို နောက်နောင်ရှောင်ကြဉ်အောင် တရားသောနည်းဖြင့် တုန့်ပြန်ခဲ့ပေသည်သာ။
``ခန္တီ-သည်းခံရမည်´´ဟုဆိုသော်လည်း သူ့နေရာနှင့်သူ ကျင့်သုံးတတ်ဖို့လိုအပ်လှ၏။ တိုင်းတစ်ပါး သား လူမျိုးခြား တစ်ယောက်က မြန်မာ့တိုင်းရင်းသားမိန်းကလေးများကို မတရားသဖြင့်နှောက်ယှက်နေလျှင် လက်ပိုက်ကြည့်နေ၍ မဖြစ်ပေ။ နောက်နောင်မနှောက်ယှက်အောင် ရှေးဦးစွာ ပြေပြေလည်လည် ပြောဆိုရ ပေမည်။ အကယ်၍ မရခဲ့လျှင် ဖိုးသူတော်မေတ္တာပို့နည်းဖြင့် ပို့သင့်က ပို့ရပေမည်။
တခါက ဘုန်းတော်ကြီးတစ်ပါး ဖိုးသူတော်နှင့် ခရီးသွားရာဝယ် လမ်းခုလတ်၌ ကျွဲရိုင်းကြီးတစ်ကောင် နှင့် ပက်ပင်းတိုးမိ၏။ ကျွဲရိုင်းကြီးက ခတ်မည့်အမူအရာဖြင့်ပြေးလာရာ ဘုန်းကြီးက ``ချမ်းသာပါစေ´´ဟု မေတ္တာပို့လေ၏။ သို့သော် ကျွဲရိုင်းကြီးက နောက်မဆုတ်ပဲ ပြေးမြဲပြေးလာသဖြင့် ဖိုးသူတော်က အုတ်ခဲကျိုးဖြင့် ၂-ချက်လောက် ထုလိုက်ရာ ကျွဲရိုင်းကြီး ထွက်ပြေးရှာလေတော့သည်။ ထိုအခါ ဆရာဖြစ်သူဘုန်းတော်ကြီးက ``သူတော်ရေ မင်းမေတ္တာက ငါ့မေတ္တာထက် ပိုစွမ်းတယ်ကွ´´ဟု ဝမ်းပန်းတသာ မိန့်တော်မူလေသတတ်။ ဤကား ဖိုးသူတော်မေတ္တာပို့နည်းတည်း။ဖိုးသူတော်က ကျွဲရိုင်းကြီးကို အုတ်ခဲကျိုးဖြင့် ဆုံးမလိုက်ရခြင်းသည် ကျွဲရိုင်းကြီးကို ဒုက္ခရောက်စေ လိုသော ကြောင့်မဟုတ်၊ ဆရာဘုန်းကြီးကို ကြည်ညိုလေးစားသောကြောင့်တည်း။ မည်သည့်အရာမဆို တစ်ခုခုကို ရွေးချယ်ရတော့မည်ဆိုလျှင် တန်ဖိုးရှိသည့်အရာကိုသာ ရွေးချယ်ရသည်မှာ သဘာဝတည်း။ ယင်း သဘာဝတရားကိုပင် ``ဓမ္မ´´ဟုခေါ်သည်မဟုတ်ပါလော။

မတရားလောဘဆိုတာ
မတရားလောဘဆိုသည်မှာ အတင်းအဓမ္မလိုချင်သော စိတ်၊ သူများဆီက ငွေကို အချောင်လိုချင်သော စိတ်၊ လုယက်တိုက်ခိုက်ပြီး လိုချင်သောစိတ်များပင်တည်း။ ကမ္ဘာမှာ အစဆုံးဖြစ်သော မကောင်းမှုဒုစရိုက်မှာ အဒိန္နာဒါန ( ခိုးယူခြင်း)ပင် ဖြစ်၏။ မတရားလောဘကို အခြေခံ၍ဖြစ်သော ဒုစရိုက်တည်း။ ကမ္ဘာဦးလူများသည် စားနပ်ရိက္ခါအတွက် ကိုယ့်လယ်နှင့်ကိုယ် အသီးသီး စပါးစိုက်ပျိုးကြ၏။ အစပိုင်း မှာ မည်သည့်ပြဿနာမှ မဖြစ်။ နောက်ပိုင်းရောက်လာသည့်အခါ အချောင်သမားများက စပါးများကို ခိုးကြ တော့၏။ ယင်းလောဘကား မတရားလောဘတည်း။ သို့နှင့် လူအများသည် သမာသမတ်ကျသော လူ တစ်ယောက်ကို ခေါင်းဆောင်ခန့်ပြီး ``မင်း´´ဟု သမုတ်ကာ ရပ်ရွာနယ်ပယ်ကို ငြိမ်းချမ်းဖို့အတွက် အုပ်ချုပ် ခိုင်း၏။ သူခိုးဓားပြများကို တိုက်ခိုက်ချေမှုန်းဖို့အတွက် (သို့မဟုတ်) မတရားလောဘသမားများကို ထိန်းချုပ် ပေးဖို့အတွက် မင်းဆိုသည်မှာ ပေါ်ပေါက်လာခြင်းဖြစ်ပေသည်။

တလွဲဆံပင်ကောင်း
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် `` ဒီလောက်ရှိရင် တော်ပါပြီ၊ ကိုယ့်မိသားစု တစ်သက်စားလို့ မကုန်ဘူး၊ ဒီထက်ပိုပြီးတော့ ချမ်းသာတော့ကော ဘာလုပ်မှာလဲ၊ သေရင် ကိုယ့်နောက်မပါဘူး´´ဟု စသဖြင့် လောဘနည်းသလိုလို၊ ရောင့်ရဲသလိုလိုနဲ့ ပြောတတ်ကြ၏။ တလွဲဆန်ပင်ကောင်းခြင်းပင်တည်း။ အမှန်ကား ဤကဲ့သို့ပြောခြင်းသည် လောဘနည်းခြင်းကြောင့်မဟုတ်၊ အမျိုး ဘာသာကို အားမပေးလိုခြင်း၊ ဇွဲမရှိခြင်း တို့ကြောင့် ဖြစ်ပေသည်။ ကိုယ့်မိသားစုတစ်သက် စားမကုန်လောက်အောင် ချမ်းသာနေလျှင် ကိုယ့်ဆွေမျိုး သားချင်းများကို ပေးကမ်းနိုင်သည် မဟုတ်ပါလော။ ထိုထက်မက ချမ်းသာနေလျှင် တိုင်းပြည်နှင့်လူမျိုးကို ထောက်ပံ နိုင်သည် မဟုတ်ပါလော။ ဘုရားမြတ်စွာက ``ရောင့်ရဲရမည်၊ တင်းတိမ်ရမည်´´ဟု ဟောခြင်းသည် ပစ္စည်းဥစ္စာများကို မရှာရဟု ပြောလိုသည်မဟုတ်ပေ။ တခါတရံ မတရားလောဘကြီးသည့်အခါ ``တုတ်နှင့်ပစ်လို့ရရ၊ ခဲနှင့်ပစ်လို့ရရ၊ ရဖို့သာအဓိက´´ဟု ဆိုပြီး ဒုစရိုက်မျိုးစုံ လုပ်တော့၏။ လုယက်ခြင်း၊ ခိုးဝှက်ခြင်း၊ ချောက်တွန်းခြင်း၊ တစ်ပတ် ရိုက်ခြင်းစသည်တို့ကား မတရား လောဘကြောင့်ဖြစ်၏။ ယင်းကဲ့သို့သော မတရားလောဘများကို ထိန်းပေးဖို့အတွက် ဘုရားမြတ်စွာက ``ရှိတာလေးနှင့် ကျေနပ်ရမယ်၊ ရောင့်ရဲတင်းတိမ်ခြင်းဟာ အကောင်းဆုံးဥစ္စာပါပဲ´´ဟု ဟောတော်မူခြင်းဖြစ် ပေသည်။ စီးပွားရေး လုပ်ငန်း များကို မလုပ်ဖို့အတွက် ဟောတော်မူခြင်းမဟုတ်။ တချို့လူပုဂ္ဂိုလ်များကား လူ့ဘဝကြီးကို ငြီးငွေ့သည့်အတွက် စီးပွားရေးလုပ်ငန်းတွေကို မလုပ်ချင် သယောင်ယောင်၊ ၃၁-ဘုံလုံးသည် ဒုက္ခသစ္စာဖြစ်သည့်အတွက် နိဗ္ဗာန်တစ်ဘက်ကမ်းကိုပဲ အခုချက်ချင်း ကူးတော့မည့်ယောင်ယောင် သံဝေဂတရားရနေသည့် ယောဂီသူတော်စင်ကဲ့သို့ ပြောတတ်ကြသေး၏။ ထို ပုဂ္ဂိုလ်များ တရားရိပ်သာကိုသွားပြီး တရားအားထုတ်သောအခါ ၂-ရက်လောက် အားထုတ်ပြီး အိမ်ပြန်လာ တော့၏။ အိမ်ပြန်ရောက်သောအခါ ``ကျန်းမာရေးကလည်း မကောင်းဘူး၊ ဒီတော့ စိတ်သွားတိုင်း ကိုယ် မပါတော့ ဘယ် အားထုတ်လို့ ကောင်းတော့မှာလဲ၊ တရားပြဆရာကလဲ အတွေ့အကြုံနုသေးတော့ တရား နာရတာက အားမရပါဘူးပေါ့ကွာ´´ဟု စသဖြင့် ဆင်ခြေအမျိုးမျိုးပေးပြီး ကိုယ့်အပြစ်ကို သူများပေါ်ပုံချ လေ တော့သတည်း။ အမှန်ကား အပေါ်ယံအသိလေးကို တကယ့်``သံဝေဂတရား´´ဟု ထင်နေခြင်းပင်တည်း။ ယင်းသို့ ထင်ခြင်းသည်လည်း ကိုယ့်ကိုယ်ကို လိမ်နေခြင်းပင် ဖြစ်၏။ သူများအလိမ်မခံရဖို့ထက် ကိုယ့်ကိုယ်ကို အလိမ် မခံရအောင် သတိပြုသင့်၏။ ကျောင်းဒကာကြီးအနာထပိဏ်၊ ကျောင်းအမကြီး ဝိသာခါတို့သည် သောတာပန် အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သို့သော် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ရှိကြပေသည်သာ။ ထို့ကြောင့် လောကီလူသားမှန်သမျှ စီးပွားရေးလုပ်ငန်းကို မဖြစ်မနေ ပြုလုပ်သင့်ပေသည်။

``အောက်ကလိအာ´´ မဖြစ်အောင် သတိပြု
ဘက်ပေါင်းစုံကနေ မကြည့်ဘဲ တစ်ဖက်သတ်ကြည့်နေရင်တော့ အမြင်မှန်ကို ရနိုင်မည်မဟုတ်ပေ။ အမြင်မှန်ကို မရလျှင် လူ့ဘဝကြီးကို ငြီးငွေ့သလိုလို၊ စိပ်ပုတီးနှင့်ရိပ်ကြီးခိုတော့မှာလိုလိုနှင့် စီးပွားရေးလုပ်ငန်း များကို မလုပ်ဘဲနေလျှင် လောကီအကျိုးလည်း မရ၊ လောကုတ္တရာအကျိုးလည်း မရဘဲ ကီမဟုတ် ကုတ်မဟုတ်၊ မိနောက်မကျ ဖနောက်မမီ၊ ``အောက်ကလိအာ´´ ဖြစ်သွားမှာ စိုးရပေသည်။ (ကြက်တွန်သံလည်းမဟုတ်၊ ကျီးတွန်သံလည်းမဟုတ်သည်ကို အောက်ကလိအာဟု ခေါ်၏။) လူမှန်လျှင် လူ့အလုပ်ကို လုပ်ရမည်။ ဘုန်းကြီးမှန်လျှင်လည်း ဘုန်းကြီအလုပ်ကို လုပ်ရမည်။ လူဖြစ် ပါလျက် ဘုန်းကြီးတစ်ပါးကဲ့သို့ စီးပွားရေးအလုပ်များကို မလုပ်ဘဲပစ်ထားလျှင် (သို့မဟုတ်) စီးပွားရေး လုပ်ငန်း များကို လုပ်သော်လည်း စိတ်ပါဝင်စားမှု မရှိလျှင် လူ့တာဝန် ပျက်ကွက်ခြင်းပင်တည်း။ ယင်းသို့ ပျက်ကွက် လျှင် သူ့ မိသားစု နစ်နာပါတော့သည်။ ``အလုပ်လုပ်ရင် လုပ်၊ အလုပ်မလုပ်ရင် သေတာက ကောင်းတယ်´´ဟူသော စကားပုံတစ်ခု ရှိ၏။ အသက်ရှင်သန်နေတုန်းမှာ ငွေများများရရှိအောင် အလုပ်လုပ်ရမည် ဟု ဆိုလိုခြင်းပင်တည်း။ ထို့ကြောင့် ပြော ကြသည်ထင်၏။ ``ငွေသည် ဒုတိယဘုရား´´ဟူသတတ်။ ထို့ကြောင့် ဘုရားမြတ်စွာက ပစ္စုပ္ပန်ချမ်းသာရေးကိုအလိုရှိသူများအတွက် `` ဥဋ္ဌာန- မည်သည့် အလုပ်ကိုပဲ လုပ်လုပ် ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်ဆိုတဲ့ နောက်မဆုတ်တမ်းစိတ်ဓာတ် ရှိရမည်၊ အာရက္ခ- ကြွက်သေတစ်ခု အရင်းပြုဆိုသကဲ့သို့ အလေအလွင့်မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်၊ ကလျာဏမိတ္တ- ဈေးကွက်ချဲ့နိုင်ဖို့အတွက် တစ်ရွာတစ်ကျီ ဆောက်ရမည်၊ သမဇီဝိတ- စီမံခန့်ခွဲမှု စာရင်းအင်းပညာကို ကျွမ်း ကျင်ရမည်´´ ဟု သမ္ပဒါတရား ၄-ပါး ကို မိန့်တော်မူခြင်းဖြစ်ပေသည်။ ဤကဲ့သို့ ကြီးပွားရေးတရားများကို သတိမထားမိကြသူများက ``ဘုရားမြတ်စွာ၏တရားသည် ကြီးပွား တိုးတက်ဖို့အတွက် ပိတ်ဆို့သည့်တရား´´ဟု ထင်မြင်ကုန်တော့သည်။ ဤအချက်ကို မိမိတို့ သံဃာတော်အရှင်မြတ်များသိရှိနားလည်ထားဖို့ လိုအပ်လှ၏။ သို့မှသာလျှင် ``ဘယ်လိုနေရာမျိုးမှာ ဘယ်လိုတရားမျိုးကို ဟောသင့်တယ်´´ဆိုသည်ကို နားလည်မည်ဖြစ်ပေသည်။ သူ့နေရာနှင့်သူ သိရှိနားလည်ဖို့ အရေးကြီးလှ၏။ မင်္ဂလာဦးဆွမ်းကျွေးမှာ ညီတော် မင်းနန်ချွတ်ခန်းကို ဟောလို့ မဖြစ်။ လင့်ကျင့်ဝတ်၊ မယားကျင့်ဝတ်တရားမျိုးကို ဟောရပေမည်။ လောကီကြီးပွားရေး တရားများကိုလည်း သူ့နေရာနှင့်သူ ဟောဖို့၊ ပြောဖို့၊ ရေးဖို့ လိုအပ်ပေသည်။
တချို့ဆရာတော်များသည် ``တရားအားထုတ်ချင်သလား၊ ဘုန်းကြီးဝတ်မှ ကောင်းမှာပေါ့၊ ဘုန်းကြီး မဝတ်နိုင်ဘူးလား၊ မိသားစု သံယောဇဉ်တွေကို ဖြတ်လိုက်စမ်းပါ၊ ဒါဆိုရင် ဝတ်နိုင်ပါတယ်´´ဟု စသဖြင့် မိန့်တော်မူကြ၏။ တချို့သောလူများမှာ ရှောင်လွှဲ၍ မရနိုင်သောတာဝန်များ ရှိနေကြရကား တရားအားထုတ် ချင်သည့် လူတိုင်းကို ဘုန်းကြီးဝတ်ခိုင်းလို့ မဖြစ်ပေ။ လူပုဂ္ဂိုလ်တစ်ယောက်အဖြစ်နှင့် တရားအားထုတ် လျှင်လည်း တရားထူးများ ရနိုင်ပေသည်သာ။ သာဝတ္ထိမြို့ကြီး၌ လူဦးရေ သန်း ၇၀-ရှိရာ သန်း ၅၀-မှာ အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ ဤအရေ အတွက်ကို ကြည့်လျှင်ပင် လူပုဂ္ဂိုလ်အများအပြား ``တရားထူးများ´´ ရကြသည်ဆိုသည်မှာ ပြောဘွယ်မရှိ တော့ပေ။ ကျန်သည့် သန်း ၂၀-ကလည်း သူတို့၏နှလုံးသားထဲ၌ ဗုဒ္ဓတရားများ ထည့်ထားကြသည့် ပုဂ္ဂိုလ်များပင်တည်း။ ထို့ကြောင့် မြတ်ဗုဒ္ဓ၏ အရိပ်အောက်မှာ ရှိသည့် သာဝတ္ထိမြို့ကြီးသည် မည်မျှလောက် တည်ငြိမ်အေးချမ်းမှု သာယာဖွံ့ဖြိုးမှုရှိမည်ဆိုသည်ကို မှန်းဆ၍ ကြည့်နိုင်ပါသည်။ တွေးကြည့်လျှင် လွမ်းမော ဘွယ် ကောင်းလေစွာ့တကား။

စိတ်သာရှင်စော ဘုရားဟော
လူတစ်ယောက်သည် ``ဘုရားဒကာဆိုတဲ့ နာမည်တစ်လုံးရရင်တော်ပါပြီ´´ ဟူသော စိတ်ဖြင့် ဘုရား တည်နေ၏။ အခြားလူတစ်ယောက်ကား ``သားလေးရှင်ပြုဖို့၊ လှူနိုင်တန်းနိုင်ဖို့´´ဟူသော စိတ်ဖြင့် စီးပွားရေး လုပ်ငန်းများကို ဇောက်ချပြီး ကြိုးစားပန်းစားလုပ်နေ၏။ ထိုနှစ်ယောက်တွင် ဘုရားတည်သောသူထက် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသောသူက ပို၍မြင့်မြတ်၏။ အဘယ်ကြောင့်နည်း။ သူ၏ ရည်ရွယ်ချက်က မွန်မြတ်သောကြောင့်တည်း။
တခါက အလွန်ရင်းနှီးသော တံငါသည် သူငယ်ချင်းနှစ်ယောက်ရှိ၏။ တစ်ရက်လုပ်မှ တစ်ရက်စားရ သောကြောင့် ဥပုသ်နေ့မှာ ဥပုသ်စောင့်ချင်သော်လည်း ဥပုသ်မစောင့်နိုင်ကြ။ သို့နှင့် တစ်ယောက်တစ်လှည့်စီ ဥပုသ်စောင့်ဖို့ တိုင်ပင်ကြလေသည်။ လပြည့်နေ့ရောက်သောအခါ တစ်ယောက်က ကျောင်းသို့ သွားပြီး ဥပုသ်စောင့်၏။ကျန်ရစ်သူ ကိုတံငါသည်ကတော့ နှစ်ယောက်စာရဖို့အတွက် လှေတစီးနဲ့ ချောင်းထဲမှာ ကြိုးစား ပန်းစားနှင့် ငါးများကို ဖမ်းရလေသည်။ ငါးများ နှစ်ယောက်စာရသောအခါ တံငါတဲထဲ၌ အနားယူရင်း ဥပုသ်စောင့်သွားသည့် သူငယ်ချင်းကို သတိရနေ၏။ ``အင်း ငါ့သူငယ်ချင်းကတော့ ဘုန်းကြီးထံကနေ သီလခံယူဆောက်တည် ပြီးရော့မယ်၊ အခုချိန်မှာ ဘုရားရိပ်မှာ နေပြီးတော့ ပုတီးစိပ်တရားထိုင်လုပ်နေရော့ပေါ့၊ အင်း ကုသိုလ်တွေ အများကြီး ရနေရော့မယ်၊ သိပ်အေးချမ်းမှာပဲ´´ဟု စဉ်းစားပြီး သာဓုခေါ်နေတော့၏။ လူက တံငါတဲ၌နေသော်လည်း စိတ်က ကျောင်းရောက်နေ၏။
ကျောင်းသွားပြီး ဥပုသ်စောင့်သော တံငါသည်ကလည်း ပုတီးကုံးကိုင်ပြီး ကျန်ရစ်သူ သူငယ်ချင်းကို သတိရနေမိ၏။ ``အခုချိန်မှာ ငါ့သူငယ်ချင်း ပိုက်ကွန်နှင့် ငါးတွေ ဖမ်းနေရော့မယ်၊ ဒီနေ့ ငါ့အတွက် ဝေစုပေး ရမှာဆိုတော့ နှစ်ယောက်စာ ဖမ်းရမှာ၊ ဖမ်းမှဖမ်းပါ့မလား၊ နှစ်ယောက်စာ မရရင်တော့ ဒုက္ခပဲ´´ဟု တွေးပြီး လောဘနှင့် သောကဖြစ်နေတော့၏။ လူက ကျောင်းမှာနေသော်လည်း စိတ်က ပိုက်ကွန်ထဲမှ မထွက်။ စိတ်ထားဖြူစင်အောင်နေထိုင်ခြင်းကို ``ဥပုသ်စောင့်သည်´´ဟုခေါ်၏။ ယင်းသို့ဆိုလျှင် ထိုတံငါသည် နှစ်ယောက်တွင် မည်သူက ဥပုသ်စောင့်သနည်း။ အဖြေကား လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားလှပါသည်။ ``စိတ်သာရှင်စော ဘုရားဟော``ဆိုသည့်အတိုင်း အတွင်းစိတ်ဓာတ်က တင့်တယ်လျှင် အရာခပ်သိမ်း တင့် တယ်တော့သည်သာ။ ထို့ကြောင့် ဘုရားတည်တိုင်း ကုသိုလ်ရသည်ဟု ပြော၍ မရသကဲ့သို့ စီးပွားရေးလုပ်တိုင်း လည်း တရားနှင့်ဝေးသည်ဟု ပြော၍ မဖြစ်ပေ။

တစ်ယောက်အားထက် ဆယ်ယောက်အားက ပိုထိရောက်
စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သည့်အခါမှာလည်း ကိုယ့်ဗုဒ္ဓဘာသာဝင်များကို ကူညီ စောင့်ရှောက်ဖို့ အထူးလိုအပ်လှ၏။ ဘာသာခြားများသည် သူတို့ဘာသာဝင်တို့ကိုသာလျှင် အထူးဦးစား ပေးကြ၏။ ထမင်းဆိုင်ခြင်းအတူတူ သူတို့ဘာသာဝင်တို့၏ ထမင်းဆိုင်ကိုသာ အားပေးကြ၏။ လုပ်ပိုင်ခွင့်ရှိ၏။ အပြစ်မဆိုသာပေ။ မိမိတို့ ဗုဒ္ဓဘာသာဝင်များ အတုယူရမည်ဆိုသည်ကို သိရှိနားလည်ဖို့ ပြောရခြင်းဖြစ်သည်။ တိပိဋက မင်းကွန်းဆရာတော်ကြီးသည်ပင်လျှင် ကိုယ့်အချင်းချင်း အားပေးကြဖို့ ကူညီကြဖို့ မိန့်မှာ တော်မူခဲ့ဖူးပါသည်။ ``သမဂ္ဂါနံ တပေါ သုခေါ- ကိုယ့်အချင်းချင်း စည်းလုံးမှ အခက်အခဲမှန်သမျှ ကျော်လွှားနိုင် မည်´´ဟူသော ဘုရားမြတ်စွာ၏ အဆိုအမိိန့်ကို လိုက်နာကြမည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်များသည် အထက် တန်းကျကျ မျက်နှာပန်းလှလှဖြင့် နေနိုင်သည်ဆိုသည်ကို မည်သည့်ဗေဒင်ဆရာကိုမျှ မေးစရာ မလိုပေ။ မည်သည့်အလုပ်ကိုပဲလုပ်လုပ် ``တစ်ယောက်အား´´နှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းထက် ``ဆယ်ယောက်အား´´ နှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းက ပို၍ထိရောက်၏။ ယနေ့ခေတ်၌ နိုင်ငံရပ်ခြားတိုင်းပြည်များသို့ သွားရောက်ပြီး အလုပ်လုပ်နေကြသည့် မြန်မာပြည်သားတိုင်းရင်းသားများကို မြောက်မြားစွာ တွေ့ရှိရပေသည်။ စည်းလုံးမှု ညီညွတ်မှုသည် ယင်းကဲ့သို့တိုင်းတစ်ပါးမှာနေကြသည့်သူများမှာ ပို၍ အရေးကြီး၏။ တိုင်းတစ်ပါးတို့၌ ``အလုပ်အကိုင်၊ နေရာတိုက်ခန်း၊ အစိုးရရုံး´´စသည်တို့နှင့် ပတ်သက်ပြီး အခက်အခဲပေါင်းများစွာကို တွေ့ ရှိနိုင်ပေသည်။ ယင်းအခက်အခက်များကို စုပေါင်းပြီးဖြေရှင်းမှ ပို၍ အဆင်ပြေနိုင်ပါ၏။ လူတစ်ရာအတူနေသော်လည်း ``သူတစ်လူငါတစ်မင်း´´ ဖြစ်နေကြလျှင် ``တစ်ရာအား´´ မရှိတော့။ တချို့ရွာ၊ ရပ်ကွက်တို့၌ ဘာသာခြားလူဦးရေထက် ဗုဒ္ဓဘာသာဝင်လူဦးရေက အဆမတန် ပို၍များ၏။ သို့သော် ဘာသာခြားတို့ကား စည်းလုံးမှုရှိရကား စီးပွားရေး၊ လူမှုရေးစသည်တို့၌ ဘာသာခြားတို့ကပဲ ရှေ့ကဦးဆောင် နေပါတော့သည်။ မနာလို၍ ပြောခြင်းမဟုတ်ပါ။ အတုယူလိုသောကြောင့် ပြောရခြင်းဖြစ်၏။ ထိုအကြောင်းများကြောင့် ``အများအတွက်´´ဆိုသည့် ရည်ရွယ်ချက်ဖြင့် စီးပွားရေး လုပ်ငန်းများကို တစ်ခုပြီးတစ်ခု တိုးချဲ့ပြီး ညီညီညွတ်ညွတ်နှင့် လုပ်ကိုင်ဆောင်ရွက်ကြဖို့ အထူးလိုအပ်နေပါပြီ။ အမျိုး ဘာသာ သာသနာအတွက် တက်ကုန်ရွက်ကုန်လွှင့်ပြီး စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ကြလျှင် မြန်မာ့တိုင်းရင်းသားများ မကြီးပွားစရာ အကြောင်းမရှိပေ။ ထိုကဲ့သို့လုပ်ကိုင်ဆောင်ရွက်ခြင်းသည် သမ္မာသမ္ဗုဒ္ဓ ခေါ်တွင် မြတ်ဘုရားရှင်၏ အလိုဆန္ဒနှင့် ကိုက်ညီပါကြောင်း တင်ပြလိုက်ရပါသည်။
သီတဂူ- အရှင်ဒေဝိန္ဒါဘိဝံသ
================================

အရှင်ဂေါတမ ကျွန်တော်မျိုးတို့ နေထိုင်ရာအရပ်သို့ ရောက်လာသမျှသော ဘာသာရေး ခေါင်းဆောင်ဟူသမျှ တို့သည် ဘာသာတရားများကို ဟောပြောကြပါတယ်။ ပြောဆိုရာတွင်  အယူဝါဒဟူသမျှတို့တွင် ငါတို့၏ အယူဝါဒသည် အကောင်းဆုံး၊ သူရဲ့အယူဝါဒသည် အကောင်းဆုံးစသောအကြောင်းအရာတို့နှင့် ဟောပြောလေ့ ရှိကြပါသဖြင့် ကျွန်တော်မျိုးတို့မှာ မည်သည့် အယူဝါဒ အကျင့်အကြံဟာ ကောင်းကြောင်းကို မဆုံးဖြတ်နိုင် ဖြစ်နေကြပါသည် ဘုရား " ဟု လျှောက်ထားကြရာ ဘုရားရှင်က သူ၏ ဝိဘဇ္ဇ ဝေဖန်ပိုင်းခြားပြီးမှ ယုံကြည်ရသော ဝါဒကို ယခုကဲ့သို့  ဟောကြားတော်မူ ပါသည်။

"ကာလမအနွယ် အမျိုးသားတို့ ၊ သင်တို့သည် အယူဝါဒတစ်ခုကို

၁။ အဆင့်ဆင့် ပြောဆိုလာခဲ့တဲ့ ရှေးစကားကြားရုံမျနဲ့လဲ ဝါဒတစ်ခု လက်မခံလိုက်နဲ့ဦး ၊
၂။ အစဉ်အဆက်က ကျင့်သုံးလာတဲ့ ဓလေ့ထုံးစံအားလုံးလဲ မှန်တယ်လို့ သိမ်းကျုံး လက်မခံလိုက်နဲ့ ဦး ၊
၃။ သူတစ်ပါးပြောတိုင်းလဲ မစုံစမ်းမဆင်ခြင်ဘဲ လက်မခံလိုက်နဲ့ဦး ၊
၄။ စာနဲ့ရေးသားတိုင်းလဲ အားလုံးမှန်ပြီလို့ လက်မခံလိုက်နဲ့ဦး ၊
၅။ မိမိတွေးတောကြံဆလို့ ပေါ်လာတဲ့ မိမိရဲ့ အတွေးအကြံတွေ အားလုံးမှန်ပြီလို့ လက်မခံလိုက်နဲ့ဦး ၊
၆။ မှီရာနည်း နိဿယတွေရှိသားပဲဆိုပြီး အဲဒီနည်းတွေကို မှန်ပြီလို့ လက်မခံလိုက်နဲ့ ဦး ၊
၇။ မိမိ အကြံအစည် အတွေးအခေါ်ကို မိမိဘာသာအကြောင်း အထောက်အထားပေးပြီး ခိုင်လုံလှပြီလို့ မယူလိုက်နဲ့ဦး ၊
၈။ မိမိကြိုတင်စဉ်းစား တွေးတော လက်ခံထားသော အယူအဆနှင့် တစ်စုံတစ်ယောက် ဟောပြောချက်၊ ရေးသားချက်၊ အယူအဆတို့ ကိုက်ညီပါပေတယ်ဆိုပြီး လက်မခံလိုက်နဲ့ ဦး ၊
၉။ ထင်ရှားကျော်ကြားပြီး လူအများလေးစားတဲ့ ပုဂ္ဂိုလ်ကြီးပြောတဲ့ စကားပဲဆိုပြီးတော့လဲ လက်မခံလိုက်နဲ့ ဦး ၊
၁၀။ ငါတို့လေးစားတဲ့ ငါတို့ဆရာ့စကား ဆိုပြီးတော့လဲ အပြီးသတ် လက်မခံလိုက်နဲ့ ဦး ။


ကောင်းဆိုးနှစ်ဖြာ ခွဲခြားပါ


ကာလာမတို့ - ဤတရားကား စက်ဆုပ်ဖွယ် တရားတို့ပါတကား ၊ ဤအကျင့်တို့ကား မကောင်းသော အကျင့်တို့ပါတကား ၊ ဤအကျင့်တို့ကား သူတော်ကောင်းများ ကဲ့ရဲ့သော အကျင့်ပါ တကားလို့ သင်တို့ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့သိနိုင်ကြသားပဲ။
အဲဒီလို သိတဲ့အခါ အဲဒီမကောင်းတဲ့ အကျင့်တရားတွေကို ပယ်လိုက်ကြ၊ စွန့်လိုက်ကြရုံပဲပေါ့။ အဲဒီအကျင့် တစ်စုံတစ်ခုကို ကျင့်လို့ အကျိုးမဲ့ ဖြစ်မယ်၊ ဆင်းရဲမယ်ဆိုရင် ဘာပြုလို့ကျင့်နေရမှာလဲ၊ ပယ်လိုက်ကြပေါ့။
ကာလာမတို့ - သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ဉာဏ်ဖြင့် ''ဤအကျင့်တရားတို့ကား အပြစ်ကင်း၍ သန့်ရှင်းသောတရားများ ကောင်းကျိုးချမ်းသာ ဖြစ်၍ ပညာရှိ သူတော်ကောင်းများ ချီးမွမ်းသော အကျင့်တရားတွေပဲလို့ သိသောအခါ ဒီအကျင့်တရားမျိုးကို လိုက်နာကျင့်သုံးကြပေါ့။ သင်တို့ ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။ ဘာပြုလို့ မျက်စိမှိတ်နေကြတာလဲ။ ကိုယ်ပိုင် ထားသောစိတ်၊ စေတသိက်တို့ရဲ့ ထက်မြက်လှစွာသော စွမ်းရည်သတ္တိတွေကို အသုံးချလိုက်ကြပါ''
ဤသုတ္တန်လာ ဗုဒ္ဓ၏မိန့်ခွန်းသံများဟာ ဘာသာရေးမှာ မျက်စိမှိတ်နေကြတဲ့ ပုဂ္ဂိုလ်တွေကို မျက်စိပွင့်စေတဲ့ စွမ်းအားတစ်မျိုး ဖြစ်ပါတယ်။ ကိုးကွယ်ဆည်းကပ်မှု၌ တွေဝေငေးငိုင်နေသူတွေကို ကြည်လင် တက်ကြွလာစေတဲ့ မိန့်ခွန်းတော်များလဲ ဖြစ်ပါတယ်။
(၂၇-၁၀-၉၇ ရက်နေ.ထုတ် မြန်မာ့အလင်းသတင်းစာ တွင်ပါရှိသော စုဆောင်းတင်ပြသူတစ်ဦး၏ ဗုဒ္ဓဝါဒသည် Religion မဟုတ်ပါ ဆောင်းပါး မှဖော်ပြပါသည်။)

စကားကြီး ၁၀-မျိုး
စကားပြောဆိုရာ၌ ကျွမ်းကျင်လိမ္မာစေရန် စကားပြောနည်း ၁၀-မျိုးကို ခွဲခြားသတ်မှတ်ထားသည်၊ မြန်မာလူမျိုးတို့က စကားကြီး ၁၀-မျိုးဟု ခေါ်ဆိုကြသည်၊ ယင်းစကားကြီး ၁၀-မျိုး၏ အမည်ကို မုန်တိုင်ပင် ဆရာတော်က မှတ်သားရလွယ်ကူစေရန် သုံးပုံတံချူကျမ်း၌ အောက်ပါအတိုင်း လင်္ကာစီထားပါသည်။


၁။ ရေကူး ညာတင်
၂။ ကောက်ပင် ရိတ်လှီး
၃။ ရေစီး ဖောင်ဆန်
၄။ အိုးတန် ဆန်ခပ်
၅။ ဆီပွတ် ကျည်ပွေ့
၆။ ဆင်ဝှေ့ ရန်ရှောင်
၇။ တောင်သူ ယာခုတ်
၈။ ကြက်ဆုတ် ခွပ်ပြစ်
၉။ ရေစစ်သည့်အင်
၁၀။ ခက်တင် မောင်းနင်း အခြင်းဆယ်ပါး ဤစကားကို မှတ်သားဝမ်းတွင်း လေ့စေမင်း။


၁။ ရေကူးညာတင် ပြောနည်း
မြစ်တဘက်မှ လိုရာဆိပ်ကမ်းသို့ ကူးလိုလျှင် မြစ်ညာက တင်၍ကူးမှ လိုရာသို့ ရောက်သကဲ့သို့
မိမိအလိုရှိရာသို့ရောက်အောင် အထက်က တင်ကူး၍ ပြောခြင်းသည် ( ရေကူးညာတင် ပြောနည်း ) မည်၏။
အူထုံးရောဂါသည်ကို ကုရာ၌ ဇီ၀က-ပြောသောစကားကို သာဓကထုတ်အပ်၏။


၂။ ကောက်ပင်ရိတ်လှီး ပြောနည်း
စပါးရိတ်လျှင် ကောက်ပင်ကို လက်တဆုပ်ဖြင့် ဆုပ်သိမ်းကာ တံဇဉ်ဖြင့်အရင်းမှ ဖြတ်၍ ရိတ်ယူသကဲ့သို့ တဘက်လူ၏ စကားကို သိမ်းကျုံးဖမ်းယူပြီးမှ အရင်းကဖြတ်၍ ပိုင်လောက်အောင် ပြောဆိုခြင်းသည် (ကောက်ပင်ရိတ်လှီး ပြောနည်း ) မည်၏။
သူဌေးသား ၂-ယောက်နှင့် ဗျိုင်းပုံဝတ္ထုကို သာဓက ထုတ်အပ်၏။


၃။ ရေစီးဖောင်ဆန် ပြောနည်း
ဖောင်ကြီးသည် အညာသို့ ဆန်သောကာလ လိုရာဆန္ဒရှိသမျှကို တင်ယူ၍ ဖြည်းညင်းသာယာစွာ ဆန်လျှင် လိုရာအရပ်သို့ ရောက်နိုင်သကဲ့သို့
စကားအရာတွင်လည်း ဥပမာ-ဥပမေယျတို့ဖြင့် ဖြည်းညင်းသာယာစွာ လိုရာရောက်အောင် ပြောဆိုခြင်းသည် (ရေစီးဖေညင်ဆန် ပြောနည်း ) မည်၏။
ဟံသာ၀တီဘုရင် ရာဇာဓိရာဇ်က ( အဆွေတော် ) ဟု ရေးသားသည်ကို ဒွာရ၀တီမင်းက မကျေနပ်၍ ဟံသာ၀တီ သားတို့က ပြေလည်အောင် ဖြေရှင်းပုံကို သာဓက ထုတ်အပ်၏။


၄။ အိုးတန် ဆန်ခတ် ပြောနည်း
အိုးနှင့်ဆန်သည် တန်အောင်ချက်လျှင် နူးနပ်စွာ သုံးဆောင်ရသကဲ့သို့
စကားအရာတွင်လည်း မယုတ်မလွန်နှင့် လိုရင်းရောက်အောင် ပြောဆိုခြင်းသည် ( အိုးတန် ဆန်ခတ် ပြောနည်း) မည်၏။
သားရွှေအိုးထမ်းလာသည်ကို မြင်လိုပါသည်-ဟု ပြောဆိုသော သုဝဏ္ဏသာမ၏ မိဘ ၂-ပါး ပြောဆိုပုံကို သာဓက ထုတ်အပ်၏။


၅။ ဆီပွတ် ကျည်ပွေ့ ပြောနည်း
ဆီကို ရအောင် ပွတ်သည့်အခါတွင် အထပ်ထပ်အခါခါ ပွတ်ရသကဲ့သို့
အလိုရှိသောစကားကို အထပ်ထပ် ပြောဆိုခြင်းသည် ( ဆီပွတ်ကျည်ပွေ့ ပြောနည်း ) မည်၏။
ဘုရားပိန္နဲတိုင်ကိစ္စ ဆွေးနွေးရာ၌ မကျည်းနှစ်လဲ ကောင်း၊ ကျွန်းလဲ ကောင်း။
ရှားနှစ်လဲ ကောင်း၊ ကျွန်းလဲ ကောင်း-ဟု ပြောဆိုပုံကို သာဓက ထုတ်အပ်၏။


၆။ ဆင်ဝှေ့ ရန်ရှောင် ပြောနည်း
ဆင်ဝှေ့မည်ဟု လိုက်လျှင် လွတ်ရာလွတ်ကြောင်း တိမ်းရှောင်က ချမ်းသာသကဲ့သို့
စကားအရာတွင်လည်း မိမိအဖို့ ဘေးရောက်မည့် စကားကို ရှောင်လွှဲ၍ ပြောဆိုခြင်းသည် ( ဆင်ဝှေ့ရန်ရှေင် ပြောနည်း ) မည်၏။
ရက်မအောက် မြေကြီးအထိ ရွှေချထားသော အိမ်ရှေ့မင်း၏ ကျောင်းမှ ရွှေများကို မြို့ဝန်က အဖျက်ခိုင်းရာ အိမ်ရှေ့မင်း စိတ်ဆိုးသည်ကို ပြေလည်အောင် လျှောက်ထားသော မြို့ဝန်၏စကားကို သာဓက ထုတ်အပ်၏။


၇။ တောင်သူ ယာခုတ် ပြောနည်း
တောင်သူတို့သည် ယာခုတ်လျှင် ခြုံငယ် သစ်ပင်ငယ်တို့ကို ဦးစွာ ရှင်းလင်းခုတ်ထွင်ပြီးမှ သစ်ပင်ကြီးငယ်များကို လှဲသကဲ့သို့
စကားအရာတွင်လည်း ဦးစွာ စကားငယ်ကိုပြော၍ နောက်မှ စကားကြီးများကို ပြောခြင်းဖြင့် အနိုင်ယူခြင်းသည် (တောင်သူ ယာခုတ် ပြောနည်း ) မည်၏။
အမတ်ကြီးလေးဦးနှင့် မဟောသဓာသုခမိန်တို့ ဥစ္စာနှင့်ပညာ ဘယ်ဟာက-မြတ်သည် ဟူသော အငြင်းပွားပုံကို သာဓက ထုတ်အပ်၏။


၈။ ကြက်ဆုတ် ခွပ်ပစ် ပြောနည်း
ကြက်တို့၏သဘောသည် ခွပ်မည်ပြုသောအခါ နောက်သို့ဆုတ်ဟန်ပြု၍ တကယ်ခွပ်သောအခါမှသာ စီး၍ခွပ်သကဲ့သို့
စကားအရာတွင်လည်း သူ့အလိုကို လိုက်တန်သ၍ လိုက်ပြီးလျှင် စီးသာသောအခါမှ စီးလျက် ပြောသောစကားမျိုးသည် ( ကြက်ဆုတ် ခွပ်ပစ် ပြောနည်း ) မည်၏။
ကဝိသေတ္တု မဥ္ဇူသာကျမ်း၌ ဖော်ပြပါရှိသော တရုတ်ငရွှေကြည်၏ မီးလောင်ကိစ္စအတွက် တရုတ်သံများနှင့် အမတ်ကြီးဦးပေါဦးတို့ အပြန်အလှန် ပြောဆိုပုံကို သာဓက ထုတ်အပ်၏။


၉။ ရေစစ်ပမာ စကားပြောနည်း
ဓမ္မကရိုဏ်းခေါ်သော ရေစစ်ကို ရေတွင်နှစ်၍ ရေပြည့်လျှင် အပေါက်ကို လက်ဖြင့် ပိတ်ယူပါက ရေမထွက်နိုင်သကဲ့သို့
တဘက်လူ၏ စကားကို ပိတ်မိအောင် ပြောဆိုခြင်းသည် ( ရေစစ်ပမာ စကားပြောနည်း ) မည်၏။
သူငယ်လေးယောက်နှင့် သူအိုကြီးတို့ ယုံတမ်းစကား ပြောကြားပုံကို သာဓက ထုတ်အပ်၏။


၁၀။ ခက်တင် မောင်းနင်း ပြောနည်း
သူ့စကားကို ဟုတ်၏လည်း မဆို၊ မဟုတ်ဟုလည်း မဆိုဘဲ မတင်တကျ ပြောဆိုခြင်းသည် ( ခက်တင် မောင်းနင်း ပြောနည်း ) မည်၏။
ဤသူ ငါ့တူ-မဟုတ်ဟု မည်သူပြောသနည်း-ဟု တောင်ဖီလာဆရာတော် ပြောကြားပုံကို သာဓက ထုတ်အပ်၏။
မှတ်ချက်။ စကားကြီး ၁၀-မျိုးအကြောင်း ပြဆိုသော ပုံသက်သေ သာဓကဝတ္ထုများကို မြန်မာ့စွယ်စုံကျမ်း အတွဲ (၃)တွင် အကျယ်တဝင့် ဖော်ပြပါရှိသည်။ ထိုကျမ်း၌ လေ့လာကြည့်ရှုကြပါကုန်။
( အောင်ပွဲရ ကဗျာ )


၁။ ရေကူးညာတင်၊ ပြောရိုးတွင်၊ ဉာဏ်ယှဉ်ပါက အောင်ပွဲရ။
၂။ ကောက်ပင်ရိတ်လှီး၊ ပြောဆိုနည်း၊ ဉာဏ်မှီးပါက အောင်ပွဲရ။
၃။ ရေစီးဖောင်ဆန်၊ ပြောဆိုဟန်၊ ဝေဖန်နိုင်းဆ အောင်ပွဲရ။
၄။ အိုးတန်ဆန်ခတ်၊ ပမာဟပ်၊ ပြောတတ်ပါက အောင်ပွဲရ။
၅။ ဆီပွတ်ကျည်ပွေ့၊ ပြောဆိုလေ့၊ လက်တွေ့မှန်လှ အောင်ပွဲရ။
၆။ ဆင်ဝှေ့ရန်ရှောင်၊ ပမာဆောင်၊ လူ့ဘောင်လောက အောင်ပွဲရ။
၇။ တောင်သူယာခုတ်၊ ညွှန်းဖော်ထုတ်၊ မယုတ်မှန်လှ အောင်ပွဲရ။
၈။ ကြက်ဆုတ်ခွပ်ပစ်၊ ထုံးစနစ်၊ စင်စစ်မှန်လှ အောင်ပွဲရ။
၉။ ရေစစ်သောလား၊ ပမာထား၊ စကားဆိုက အောင်ပွဲရ။
၁၀။ ခက်တင်မောင်းနင်း၊ ပြောဆိုခြင်း၊ မယွင်းမှန်လှ အောင်ပွဲရ။