စိတ်ဆိုတာ = အာရုံကိုသိတတ်တဲ့သဘောဖြစ်တဲ့စိတ်နှင့် စိတ်ကိုမှီတွယ်ပြီးစိတ်ကို ခြယ်လှယ်နေတဲ့ စေတသိက်များတို့ရဲ့ အပေါင်းအစုဖြစ်ပါတယ်။
စေသိက် ၅၁ မျိုးရှိတဲ့အနက်က မကောင်းတဲ့ဘက်ကို ခြယ်လှယ်ကြတဲ့`အကုသိုလ်စေတသိက်-အပြစ်ရှိတဲ့စေတသိက်´ က ၁၄ မျိုးရှိပါတယ်။ အဲဒီအနက်က စိတ်ကိုညစ်နွမ်းစေပြီး ပူလောင်ဆင်းရဲစေတဲ့ အကုသိုလ်စေတသိက် ၁၀ မျိုးကို ကိလေသာများလို့ ခေါ်တယ်။ ၎င်းတို့က စိတ်ဆင်းရဲမှုအားလုံးနှင့် ကမာ္ဘပေါ်ရှိမကောင်းမှုအားလုံးရဲ့ အကြောင်းတရားတွေပဲ၊ အကုသိုလ်စေတသိက်တို့ရဲ့ ခေါင်းဆောင်သုံးပါးက လောဘ၊ ဒေါသ၊ မောဟ တို့ဖြစ်ကြတယ်။
လောဘ = လိုချင်တပ်မက်ခြင်းသဘော၊ တဏှာ၊ ရာဂလို့လည်း အမည်ရတယ်၊
ဒေါသ = ကြမ်းတမ်းခက်ထန်ခြင်း၊ စိတ်ဆိုးစိတ်ပျက်ခြင်း၊ မနှစ်သက်ခြင်းသဘော၊ အဖျက်ဆီးတတ်ဆုံးတရားဖြစ်တယ်၊
မောဟ = အာရုံရဲ့အမှန်သဘော၊ သစ္စာသဘော၊ ကံသဘောတို့ကို မသိအောင်ဖုံးကွယ်ထားခြင်းသဘော၊ အဝိဇ္ဖာ-အမိုက်မှောင်လို့လည်း အမည်ရတယ်။
ဒီတရားသုံးပါးဟာ `အကုသိုလ်အရင်းအမြစ်-အကိုသိုလ်ဟိတ်´ များဖြစ်ကြတယ်။ အကုသိုလ်ဆိုတာ သတ္တဝါတစ်ဦးဦးကို ထိခိုက်စေလို့အပြစ်ရှိပြီး မကောင်းကျိုးပေးတဲ့တရားပဲ၊ ကမာ္ဘပေါ်မှာ မတရားမှုတွေကျူးလွန်နေကြတာ ဒီတရားသုံးပါးခြယ်လှယ်တဲ့အတွက်ကြောင့်ပဲ၊ လောဘ၊ ဒေါသ၊ မောဟတို့ဟာ စိတ်ကိုညစ်နွမ်းမိုက်မဲစေပြီး ပူလောင်ဆင်းရဲစေတဲ့ အပူလောင်ဆုံးတရားတွေပဲ။ သူတို့ကို အမြစ်ဖြတ် ပယ်သတ်လိုက်နိုင်ရင် အတုမရှိချမ်းသာတဲ့ နိဗ္ဗာန် ထာ၀ရချမ်းသာကို ချက်ချင်းခံစားရတော့တာပဲ။
စိတ်ကို ကောင်းတဲ့ဘက်ကို ခြယ်လှယ်ကြတဲ့ `သောဘဏ စေတသိက် - လှပတင့်တယ်တဲ့စေတသိက်´ များက ၂၅ လုံးရှိတယ်။ အကုသိုလ်စေတသိက်တို့ထက် ပိုအရေအတွက်များပြီး ပိုစွမ်းအားကြီးကြတယ်။ ဒီကောင်းတဲ့ အင်အားစုကို စုစုစည်းစည်းနဲ့ ခွန်အားကြီးမားလာအောင် ပျိုးထောင်ပေးနိုင်ရင် အကုသိုလ်အင်အားစုကို နှိမ်နင်းပယ်သတ်နိုင်တယ်။
အကုသိုလ် အကြောင်းရင်းဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟတို့ကို ဆန့်ကျင်တဲ့ `ကုသိုလ်အရင်းအမြစ်-ကုသိုလ်ဟတ်´ သုံးပါးက အလောဘ၊ အဒေါသ၊ အမောဟ တို့ဖြစ်ကြတယ်။
အလောဘ = မလိုချင်မတပ်မက်ခြင်း၊ စွန့်လွှတ်ပေးကမ်းခြင်းသဘော၊
အဒေါသ = မကြမ်းတမ်း မခက်ထန်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း သဘော၊ စိတ်မဆိုး စိတ်မပျက်ဘဲ သည်းခံခွင့်လွှတ်နိုင်ခြင်း သဘော-ခန္တီတရား၊ သတ္တဝါတို့ကို ဘေးရန်ကင်းပြီး ချမ်းသာစေလိုခြင်းသဘော- မေတ္တာ၊
အမောဟ = အာရုံရဲ့အမှန်သဘော၊ သစ္စာသဘော၊ ကံသဘောတို့ကို ထိုးထွင်းသိမြင်တဲ့ စေတသိက်၊ ပညာ စေတသိက်လို့လည်း ခေါ်တယ်။
ဒီစေတသိက်တို့က အလွန်လှပ မြင့်မြတ်တဲ့ စေတသိက်တွေပဲ၊ လူတစ်ယောက်ရဲ့ အဖိုးတန်အရည်အသွေးကောင်းများလည်း ဖြစ်ပါတယ်။ သူတို့ကို အင်အားကြီးလာအောင် ပျိုးထောင်တဲ့နည်းက ဒါန၊ သီလ၊ ဘာ၀နာ ဖြည့်ကျင့်ခြင်း ဖြစ်ပါတယ်။

"I am the captain of my soul and the master of my fate" (William Shakespere, 1564-1616)
ကျွနု်ပ်ဟာ ကျွနု်ပ်ဝိညာဉ်ရဲ့ မာလိန်မှူး ဖြစ်ပြီး ကျွနု်ပ် ကံကြမ္မာရဲ့ အရှင်သခင်ဖြစ်တယ်

ကမ္မနိယာမအရ
"I am the captain of my mind and the master of my fate"
ကျွနိုပ်ဟာ ကျွန်ုပ်စိတ်ရဲ့ မာလိန်မှူးဖြစ်ပြီး ကျွန်ုပ်ဘဝကံကြမ္မာရဲ့ ဖန်တီးရှင် ဖြစ်ပါတယ်

0 comments: