လောက၌ လူတစ်ယောက်၏ ဘဝကို ပြောင်းလဲသွားစေသည့် လျှပ်တစ်ပြက်ဉာဏ်အမြင် လင်းသွားမှုများလောက် စိတ်လှုပ်ရှားဖွယ်ကောင်း၍ အကျိုးကျေးဇူးလည်းကြီးမားလှသော အရာမျိုး မရှိပေ။ အထူးသဖြင့် ပြောင်းလဲခြင်းမည်ကာ မတ္တမဟုတ် `အကောင်းဘက်သို့ ပြောင်းလဲခြင်း’ ဟု ဝိသေသပြု ပြောဆိုရသည့် အခါမျိုး၌ဖြစ်၏။   
   ထိုသို့ ဉာဏ်အလင်းပွင့်သွားသော အခိုက်အတန့် မျိုးမှာ ရှားပါးလှပါသည်။ အဲဒါဟာ လူတိုင်း၏ ဘဝသို့ပင် တစ်ကြိမ်မဟုတ်တစ်ကြိမ်တော့ ရောက်လာတက်စမြဲတဲ့။ တစ်ခါတစ်ရံ စာအုပ်တစ်အုပ်ကိုဖတ်လိုက်ရင်းဖြစ်ဖြစ် လင်းခနဲဖြစ်သွားတက်တယ်။ တစ်ခါတရံ တရားပွဲတစ်ပွဲမှ၊ တစ်ခါတစ်ရံ ကဗျာ တစ်ပုဒ်မှ၊ တစ်ခါတစ်ရံမိတ်ဆွေတစ်ယောက်ထံမှ….ဖြစ်ဖြစ် ရသွားတက်ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း တစ်ခါတုန်းက……။ ==============================
အဲသည်ဆောင်းတွင်းနေ့က စားသောက်ဆိုင်ကလေးမှာ ကျွန်တော်လူတစ်ယောက်ကို စောင့်မျှော်နေခဲ့သည်။ ကျွန်တော့် ဘဝအတွက် အရေးကြီးလှသည့် လုပ်ငန်းအစီအစဉ်ကြီး တစ်ခုမှာ ကျွန်တော်တွက်ချက်မှုတွေ လွဲမှားသွားသဖြင့် ကမောက်ကမ ဖြစ်သွားခဲ့ရာ ကျွန်တော် အတော်ပင် စိတ်ဓာတ်ကျဆင်းနေခဲ့သည်။ ကျွန်တော် ရင်းနှီးခင်မင်လှသော မိတ်ဆွေကြီးနှင့်တွေ့ရမည်အတွက်ပင် ခါတိုင်းလို ကျွန်တော် မပျော်ရွှင်နိုင်ဘဲရှိနေသည်။
အဲသည်အချိန် လမ်းတစ်ဖက်ခြမ်းမှသူကူးလာသည်။ သူ့ဆေးကုသခန်းက သည်အနီးအနားလေးမှာပင် ရှိနေသည်။ သူရောက်လာပြီး ကျွန်တော့်အနီးအနား ဝင်ထိုင်သည်။ ပြီးလျှင် စကားပလ္လင်မခံပဲ တည့်တိုးပင်မေးသည်။
“ဘယ်လိုလဲ ကောင်လေး၊ ဘာပြဿနာတွေပေါ်နေလဲ”သူအရိပ်အကဲ သိလွန်းပုံ၊ လူကဲခတ် ကောင်းလှပုံအကြောင်းကား ကျွန်တော် ကြုံဖူးလှ၍ အံံ့သြစကားဆိုမနေတော့ဘဲ ကျွန်တော့်ပြဿနာကိုသာဖွင့်ဟလိုက်ရသည်။ ဖြစ်ကြောင်းကုန်စင်ကို အရိုးသားဆုံး၊ အမှန်ကန်ဆုံးပြောဆိုမည်ဟူသော စိတ်ထားမျိုး ရှိနေသည်ဖြစ်ရာ ကျွန်တော်၏ စိတ်ပျက်စရာဖြစ်ရပ်အတွက် မည်သူ့အပေါ်မျှ အပြစ်ပုံမချဘဲ မိမိကိုယ်ကိုသာ ဝေဖန်ပြစ်တင်နေခဲ့သည်။ ကိစ္စတစ်ရပ်လုံးကို ကျွန်တော် အစအဆုံး ခွဲခြမ်းစိတ်ဖြာကာ ဆုံးဖြတ်ချက် လွဲခဲ့တာတွေ၊ ဆောင်ရွက်ပုံ မှားယွင်းခဲ့တာတွေ အားလုံးကို ဖွင့်ပြောပြသည်။ ကျွန်တော် စကားဆုံးပြီဆိုတော့မှ
“ ကိုင်း… လာကွာ၊ ကိုယ့်အခန်းသွားရအောင်” ဟုဆိုသည်။
“ဆေးခန်းကိုလား၊ ဘာမေ့ကျန်ခဲ့လို့လဲ”
“မကျန်ပါဘူးကွာ၊ မင်းကို ကိုယ် တစ်ခု စမ်းကြည့်ချင်လို့ပါ” ဒီလိုနဲ့ သူ့ဆေးခန်းကို ရောက်သွားပြီး သူက ကတ်ထူဘူး တစ်ခုထဲမှ တိပ်ခွေတစ်ခွေကိုထုတ်ယူပြီး ရီကော်ဒါထဲထည့်သည်။ “ ဒီအခွေထဲမှာ အသံဖမ်းထားတာ သုံးခုရှိတယ်၊ တိုတိုတွေပါ၊ ကိုယ့်ဆီ လာအကူအညီတောင်းတဲ့ ပုဂ္ဂိုလ်သုံးယောက်ရဲ့ စကားတွေ၊ ဘယ်သူဘယ်ဝါတွေဆိုတာတော့ ဖော်ပြမထားဘူးပေါ့၊ မင်း နားထောင်ကြည့်စမ်းပါ။ ဒီအထဲမှာ သူတို့ သုံးယောက်စလုံး ထပ်ထပ်ပြီးသုံးသွားတဲ့ စကားတစ်ခုရှိတယ်။ အဲဒါ ဘာလဲ မင်း ဖော်လို့ ရ,  မရ ကိုယ်သိချင်တယ်”
“သိပ်တော့ ဦးနှောက်ခြောက်မသွားနဲ့၊ ကိုယ် စိတ်ကူး တစ်ခုရှိလို့ လုပ်ခိုင်းတာပါ”
ကျွန်တော်နားထောင်ပြီး သတိပြုမိသလောက် သည်တိပ်ခွေထဲက အသံရှင် သုံးဦးမှာ တူညီသော အချက်က စိတ်မချမ်းမြေ့ကြခြင်း ဖြစ်သည်။
ပထမ အမျိုးသားတစ်ဦးကလုပ်ငန်းမအောင်မြင်တာ၊ အလုပ်မကြိုးစားခဲ့တာ၊ ရှေ့သို့ကြိုတင်တွက်ဆမှု ကောင်းစွာ မပြုလုပ်ခဲ့တာတွေအတွက် သူ့ကိုယ်သူ အပြင်းအထန် ပြစ်တင်ပြောဆိုလျက်ရှိသည်။
ဒုတိယက အမျိုးသမီး။ သူက မိခင် မုဆိုးမကြီးကို ညှာတာသောအားဖြင့် အိမ်ထောင်မပြုဘဲနေခဲ့သူဖြစ်သည်။ ယခုတော့ သာယာသော အိမ်ထောင်တစ်ခုတည်ဆောက်နိုင်မည့် အခွင့်အလမ်းကောင်းတွေ ငြင်းပယ်ခဲ့မိခြင်းအတွက် နောင်တကြီးစွာ ရနေသည်။
တတိယက မိခင်တစ်ယောက်။မြီးကောင်ပေါက်အရွယ် သူ့သားငယ်က ရဲနှင့် ပက်သက်သည့်အဆင့်ထိ ပြဿနာတက်နေသည်။ ထို့အတွက် သူ့ကိုယ်သူ အပြစ်တင်မဆုံးရှိနေသည်။
သူက ရီကော်ဒါကို ပိတ်လိုက်သည်။
“ ဒီအထဲမှာ ခြောက်ကြိမ်တိတိ သုံးသွားတဲ့ စကားစုတစ်ခု ပါတယ်။ သိမ်သိမ်မွေ့မွေ့လေးနဲ့ အတော့်ကို အဆိပ်ပြင်းတဲ့ စကားစုကွ။ မင်း သတိထားလိုက်မိရဲ့လား၊ . . . မသိလိုက်ဘူး၊ ဟုတ်မှာပါ။ ဒါကြောင့်လည်း မကြာခင်တုန်းက စားသောက်ဆိုင်မှာ ဒီစကားကို မင်းကိုယ်တိုင် သုံးကြိမ်တိတိ သုံးခဲ့တာ”
သည်လိုပြောရင်း သူက တိပ်ခွေထည့်သည့် ကတ်ဘူးကိုယူကာ ကျွန်တော့်ထံလှမ်းပေးလိုက်သည်။
ကျွန်တော် လှမ်းယူလိုက်သည့် ကတ်ဘူးရဲ့လေဘယ်မှာ မင်နီနဲ့ရေးထားတဲ့စကားလုံး၊ “အကယ်၍သာ” တဲ့။
တကယ်တော့ ကျွန်တော်တို့ အဲဒီအကယ်၍သာဆိုတဲ့ ပြဿနာဟာ ကျွန်တော်တို့ဘဝကိုမကယ်နိုင်ပါဘူး။ ဒီစကားက ကျွန်တော်တို့ကို ရှေ့မကြည့်ခိုင်းဘဲ နောက်ပြန်လှည့်ခိုင်းနေသလို ဖြစ်နေပါတယ်။ ကျွန်တော်တို့ဟာပြဿနာကြီးကြီးမားမားနဲ့ကြုံလာရတဲ့အခါမှာ အဲဒီပြဿနာကိုလုပ်မိတဲ့ ကျွန်တော်တို့ဟာ ကိုယ်ကိုကိုယ်ပြန်ကြောက်လာတက်ကြပြီး၊ မယုံမကြည်တွေ ဖြစ်သွားတက်ပါတယ်။ တကယ်တော့ ပြဿနာတွေဟာ ကျွန်တော်တို့အတွက် နောက်တစ်ကြိမ်မပြုလုပ်မိအောင် အမှားတွေ ထပ်မရှိအောင်၊ နည်းသွားအောင် သင်ခန်းစာယူရမဲ့ အရာတွေပါ။ လူဆိုတာ အမှားရှိတက်စမြဲပါပဲ။ တကယ်လို့ ကျွန်တော်တို့ဟာ အဲဒီအမှားနွံ့ထဲကနေရုန်းမထွက်နိုင်၊ တစိမ့်စိမ့်ဖြစ်နေမယ်ဆိုရင် ကြာရင်အဲဒီအစွဲကြောင့် အချိန်တွေအလဟဿ ဖြစ်ကုန်ပြီး ဦးတည်ရာလမ်းကြောင်းတွေလွဲကုန်သွားတက်ကြပါတယ်။ အဲဒီတော့ ကျွန်တော်တို့ “အကယ်၍သာ”ဆိုတဲ့ စကားလုံးအစား “နောက်တစ်ကြိမ်ကျရင်”ဆိုပြီး “နောက်တစ်ကြိမ်ကျရင် ဘယ်လိုလုပ်မလဲ” ဆိုတဲ့ စကားလုံးကို အစားသုံးပြီး ကျွန်တော်တို့ ဘဝကိုကြိုးစားရုန်းကန်ကြပါစို့။

1 comments:

flowerpoem said...

ကောငး်လိုက်တဲ့ ပညာပေးပို့စ်လေး .. . တစ်ခါမှားပြီးရင် နောက် တစ်ကြိမ်ကျရင် ဘယ်လိုလုပ်သင့်လည်း ဆို တာကို စဉ်းစားရမှာအမှန်ပါ..