Friday, December 3, 2010

"Why aren't we rich?"

ကျွန်တော်တို့မြန်မာလူမျိုးတွေ ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ထားပြီးတော့ "အကျင့်သိက္ခါပိုင်းမှာရော၊ ပေးကမ်းမှု(ဒါန)အပိုင်းမှာရော၊ ဘာ၀နာ(ပွားများတဲ့)အပိုင်းမှာရော သူများထက်သာတဲ့ ပရိယတ္တိ၊ ပဋိပတ္တိသာသနာတွေ ပြုကျပြီးတော့ ဘာလို့ မတိုးတက်ကျရတာလဲ?" လို့မေးစရာရှိလာပါပြီ။ တကယ်တမ်းကျတော့ ကျွန်တော်တို့ ကိုးကွယ်နေတဲ့ဗုဒ္ဓရဲ့ တရားတော်တွေဟာ လက်ရှိ ဘဝနေထိုင်းရေးအတွက်ရော၊ ဘဝသံသရာနေထိုင်းရေးအတွက်ရော အားလုံး အထောင့်အပံ့ပေးပါတယ်။ အလုံးစုံပြည့်စုံပါတယ်။ တကယ်သိအောင်သာလုပ်ရင် မြတ်ဗုဒ္ဓရဲ့တရားတွေအားလုံးဟာ ပစ္စုပ္ပန်ကောင်းကျိုး၊ ဘဝသံသာရာကောင်းကျိုးကို ပေးစွမ်းပါတယ်။ တကယ်မကြည့်တဲ့သူသာ မမြင်နိုင်တာပါ။ တချို့ ပြောကြတာက "တရားအားထုတ်တယ်ဆိုတာ အသက်ကြီးမှ အားထုတ်ရတာပါ" ပထမအရွယ်မှာ ပညာပဲရှာ၊ ဒုတိယအရွယ် ဥစ္စာပဲရှာ၊ တတိယအရွယ်တရားရှာဆိုတဲ့ စကားနဲ့ ကျွန်တော်တို့ မြန်မာလူမျိုးများ တံလွဲဆံပင်ကောင်းကြပါသေးတယ်။ နောက်ထပ် တချို့က "ငါက အခု တရားကို တကယ်အားမထုတ်နိုင်သေးလို့ မထုတ်သေးဘူး။
တကယ်သေသေချာချာအားထုတ်နိုင်ပြီဆိုမှ  လုပ်မှာကွ" လို့ပြောကြတဲ့သူတွေ လည်း ရှိကြပါတယ်။  ဒီနေရာမှာ တရားအားထုတ်ရတယ် ဆိုတဲ့အပိုင်းမှာ ဒါနပိုင်းကို အားထုတ်ရတာရှိမယ်၊ သီလ(ကိုယ်ကျင့်တရား)ပိုင်းကို အားထုတ်ရတာရှိမယ်၊ ဘဝနာ(ပွားများရတဲ့) အပိုင်းကို အားထုတ်ရတာ ရှိမယ်။ ဒီသုံးခုမှာ "ဘယ်အရာကို ဘယ်အချိန်မှာအားထုတ်မှာလဲ?" လို့မေးရင် သူ ဘာကိုဖြေမှာလဲ။
ဒီတော့ တရားဆိုတာ ကြီးမှ အားထုတ်ရတယ်ဆိုတာ လွဲနေပါတယ်။  အခုပြောခဲ့တဲ့ ဒါန၊ သီလ၊ ဘဝနာအားထုတ်တဲ့အထဲမှာ သီလဆိုတဲ့ကိုယ်ကျင့်တရားဟာ ကျွန်တော်တို့ သိတက်စကနေ အသက်သေသည်အထိဆောင်ထားအပ်တဲ့အရာ၊ အားထုတ်ထားရမည့်အရာ မဟုတ်ဘူးလား။ မြတ်စွာ ဘုရားဟောခဲ့တဲ့တရားတွေထဲက "သီလကို အတက်နိုင်ဆုံးလုံခြုံအောင်ထိန်းကြ"၊ "အပ္ပမာဒေန- မမေ့၊ မလျော့၊ မပေါ့၊ မဆ၊ မြဲမြံတဲ့ သတိတရားဖြင့်၊ သမ္ပါဒေထ- ပြည့်စုံစွာနေကြ" လို့ဟောခဲ့တဲ့တရားတွေဟာ အမြဲအားထုတ်နေရမည့် တရားတွေဆိုတာတော့ မမေ့အပ်ပါဘူး။ ပထမအရွယ် ပညာရှာ၊ (ဒု)အရွယ် ဥစ္စရှာ၊ (တိ)အရွယ် တရားရှာ ဆိုတဲ့အပိုင်းမှာ၊ ဒါဟာ ပျှားမျှ ချုံငုံပြောလိုက်တယ်လို့ပဲ ကျွန်တော်ထင်ပါတယ်။ဒါပေမဲ့ တလွဲဆံပင်ကောင်းမယူဖို့တော့ အရေးကြီးပါတယ်။ တတိယအရွယ်မှာ တရားရှာဆိုတာ ဘာ၀နာ(ပွားများအားထုတ်တဲ့)အပိုင်းကို အားထုတ်ခိုင်းတာပဲ ဖြစ်ပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ တတိယအရွယ်မှာ အနည်းဆုံးတော့ မိသားစုအပူ၊ စားဝတ်နေရေးအပူတွေ လျော့လာပြီမဟုတ်လား။ ဒီလိုလျော့လာမှ စိတ်ကို ဖြောင့်ဖြောင့်မတ်မတ်နဲ့ တရားကို ရှုမှတ်ပွားများပြီးတော့ အားထုတ်နိုင်မှာကို ပြောချင်တာ ဖြစ်ပါတယ်။ အသက်ငယ်နေသေးရင် အပေါ်ကပြောခဲ့တဲ့ အပူတွေကို ဖြေရှင်းနေရတာနဲ့ တရားကို ကောင်းကောင်းရှုမှတ်ပွားများအားထုတ်နိုင်မှာ မဟုတ်လို့ ရှေးပညာရှိများက (ပ)ပညာရှာ၊(ဒု)ဥစ္စရှာ၊ (တိ)တရားရှာဆိုတဲ့ ဒီအဆိုကို ထားခဲ့တာဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒါနနှင့် သီလကတော့ မွေးကတည်းကနေ သေတဲ့အထိ အားထုတ်သွားရမည့်တရားဆိုတာတော့ သေချာစွာ သိထားစေချင်တယ်။ တော်တော်များများက တရားလို့ ပြောလိုက်ရင် ကြီးမှ အားထုတ်ရ ယုံသက်သက်ပဲ ထင်နေကြတယ်။ ဥပမာ- လူနှစ်ယောက် စကားပြောနေကြတယ်ပဲထား။ အဲဒီထဲမှာ တစ်ယောက်က ဗုဒ္ဓရဲ့တရားတွေကို ထည့်ပြောလိုက်ပြီဆိုတာနဲ့ "တရားတွေ လာဟော မနေပါနဲ့ကွာ" ဆိုပြီး ပြက်ရယ်ပြုသလို ပြောတက်ကြပါတယ်။ ဒါတွေဟာတော်တော်လွဲမှားနေတဲ့ အယူအဆတွေပါ။ ဒီလိုလွဲမှားနေတဲ့အယူအဆတွေကို လက်ကိုင်းထားတဲ့သူ တော်တော်များတဲ့အတွက်ကြောင့်လည်း မြန်မာနိုင်ငံ မတိုးတက်ရခြင်း အကြောင်းတစ်ချက်ပါပါတယ်။ ကျွန်တော်တို့ မြန်မာတွေတော်တော် များများ ဗုဒ္ဓဘာသာတရားကို ကိုးကွယ်နေကြသော်လည်းပဲ တကယ့်ထေရဝါဒစစ်စစ် လူမျိုးက ၁၀၀% မှာ၂၀% လောက်သာ ရှိပါတယ်။ ဒါကြောင့် ဘာသာတရားနဲ့ယှဉ်ပြောမယ်ဆိုရင် ဗုဒ္ဓဘာသာမြန်မာ လူမျိုးများ မြတ်စွာဘုရားရဲ့ တရားတော်တွေကို တကယ်လိုက်နာမကျင့်သုံးသေးဘူး။ တကယ် မသိသေးလို့ တိုးတက်မှုမှာ အားနည်းတယ်လို့ပဲ ထင်ပါတယ်။ အခုလိုပြောတာ ကျွန်တော်အရမ်းသိ၊ အရမ်းတက်နေလို့လည်း ပြောတာမဟုတ်ပါဘူး။ မိရိုးဖလာဗုဒ္ဓဘာသာထက်မပိုခဲ့တဲ့ ကျွန်တော်- အခုမှ ဗုဒ္ဓဘာသာရဲ့အနှစ်သာရတွေ၊ နက်ရှိုင်းမှုတွေကို လေးလေးနက်နက်ဂရုပြုမိလာယုံလောက်ပဲ ရှိပါသေးတယ်။ ဗုဒ္ဓရဲ့တရားတွေ၏ နက်ရှိုင်းမှုတွေကို တကယ်လေးလေးနက်နက် မသိပဲနဲ့ ကိုယ်အသုံးမကျလို့ညံ့ဖျင်းမှုတွေအတွက်နဲ့ ဗုဒ္ဓ၏တရားတွေနဲ့ လွဲမချလိုက်ပါနဲ့လို့ အထူးဆိုချင်ပါတယ်။ နောက်ပြီး ကျွန်တော်တို့မြန်မာတွေ - တိုးတက်မှုအပိုင်းမှာ လူမျိုးအားဖြင့်ပြောမယ်ဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုးများ အယူအဆမှားတွေ၊ တလွဲဆံပင်ကောင်းတွေ လက်ဆုပ်ကိုင်ထားခြင်း၊ လက်မလွတ် နိုင်ကြခြင်း၊ နောက်ပြီး အဲဒီမကောင်းတဲ့အယူအဆအမှားတွေက မိဘကနေ သားသမီး သားသမီးကနေ မြေး အဲဒီလို အဆင့်ဆင့်ကူးစက်ပျံနှံလာခဲ့လို့ တိုးတက်မှုနှေးကွေးခြင်း၊ မတိုးတက်ရခြင်း အကြောင်း တစ်ချက်လည်း ပါပါတယ်။ ဒါကြောင့် ကိုယ့်တုန်းက ဒီအယူအဆအမှားတွေနဲ့ကြုံခဲ့ရတယ်၊ ဒါပေမဲ့ သိတော့ သိတယ်၊ အဲဒီအယူအဆအမှား တွေကို မဖယ်ရှားနိုင်တော့ဘူး ဆိုရင်တောင်မှ နောင်လာမယ့်ကိုယ့်ရဲ့မျိုးဆက်အသစ်တွေအတွက်တော့ မကောင်းတဲ့အစွဲတွေ ရိုက်မသွင်းတော့ပါနဲ့၊ ပုံစံချမနေတော့ပါနဲ့။ ဒါဆိုရင် တိုးတက်ဖို့အလားအလာရှိတဲ့ အကြောင်းတစ်ရပ်ပါပဲ။ တိုးတက်မှုနဲ့ပက်သက်ပြီးပြောမယ်ဆိုရင် လိုအပ်ချက်တွေ အများကြီးနဲ့ပဲ ပြောရပါလိမ့်မယ်။ ဒါကတော့ ဘာသာတရားရှုထောင့်ကနေ ကြည့်ယုံသက်သက်ပါ။
နောက်ပြီး ကြားနေရတာတစ်ခုက "နိုင်ငံက မတိုးတက်ဘူး၊ မတိုးတက်ဘူး" နဲ့ တဖွဖွပြောနေတဲ့ လူတွေ ရှိပါသေးတယ်။ အဲဒီလို လူတွေကိုလည်း "ဘာကြောင့်တိုင်းပြည်မတိုးတက်သလဲလို့" ထင်သလဲလို့ မေးလိုက်ရင်လည်း ရေရေရာရာ တိတိကျကျဖြေတက်မှာတော့ မဟုတ်ပါဘူး။ ဟိုလူပဲ အပြစ်ပုံချရတော့ မလို၊ ဒီလူပဲ အပြစ်ပုံချရတော့မလို ဖြစ်နေတက်ပါတယ်။ နောက်ဆုံးတော့ သူတို့လက်ညှိုး၊ သူတို့ ဆင်းရဲခြင်းထွက်ပေါက်က တိုင်းပြည်အုပ်ချုပ်တဲ့သူအပေါ်ပဲ အပြစ်ပုံချလိုက်ပါ တယ်။ ဒီနေရာမှာ သူတို့တွေးပုံကတော့ ဘယ်လို အယူအဆနဲ့စွဲတွေးမိလိုက် သလဲဆိုတော့ "တပည့်မကောင်း ဆရာ့ခေါင်း"ဆိုတဲ့အပေါ်ယံအမြင်နဲ့ပဲ ဆွဲတွေးလိုက်ပါတယ်။ ဒီလိုသာ ဆရာ့ကို အပြစ်ပုံချကြေးဆိုရင် မှုးရူးနေတဲ့ အရက်သမား(၁၀) ယောက်နှင့် ဘိန်းစား(၁၀)ယောက်၊ အဲဒီအယောက်(၂၀)ကို စာသင့်ဖို့ဆိုပြီးတော့ ဆရာတစ်ယောက် ကိုခေါ်လာပြီးတော့ စာသင်ခိုင်းကြည့်ပါ့လား။ အဲဒီအရက်သမားတွေ၊ ဘိန်းစားတွေစာတက်မလားလို့၊ တကယ်လို့ စာမတက်ခဲ့ရင် ဆရာကို အပြစ်တင်ဦးမှာလား။ စာတက်ဖို့နေနေသာသာ သူတို့စွဲနေတဲ့ ဘိန်း၊အရက် ပြတ်သွားရင်ကို မဆိုးဘူးလို့ ပြောရမှာပဲ။ ဒါက ဥပမာနဲ့ပြောလိုက်တာပါ။ တပည့်မကောင်း ဆရာ့ခေါင်းဆိုတာဟာ ရှေးပညာရှိတွေက ချုံငုံပြောသွားကြတဲ့စကားပါ။ အဖြူထည်လေးတွေ၊ လူလိမ္မာကလေးတွေ စာမတက်ရင်တော့ ကျွန်တော်လည်း ဆရာမကောင်း တပည့်ခေါင်းလို့ ပြောလိုက်မှာပါပဲ။ ဒါပေမဲ့ အပြက်ပြက်နဲ့ နှာခေါင်းသွေးထွက်နေရတဲ့ သူတွေအဖို့ မင်းလုပ်ပြီး အုပ်ချုပ်နေရတဲ့သူအဖို့တော့ တစ်ခါတစ်လေ စိတ်ဓာတ်ရေးရာအရမှာရော စိတ်ကုန်ချင်စိတ်ဖြစ်မယ်။ ဇွဲလုံလနေရာ အရမှာရော အားကုန်ချင်စိတ်ဖြစ်မှာပါပဲ။ ဒါဟာ နားလည်အောင်ပြောရရင် ရေမြင့်မှ ကြာတင့်တယ်ဆိုတဲ့ စကားအတိုင်း တပည့်တွေတော်တော့ ဆရာ့မှာလည်း ဝမ်းသာပီတီဖြစ်၊ ရှေ့ဆောင်လမ်းပြဖို့အတွက်လည်း ဘာတွေဆက်လက် လုပ်ဆောင်ရမည်ကိုလည်း ဆရာက မှန်မှန်ကန်ကန် စဉ်းစားတွေခေါ်နိုင်ပါလိမ့်မယ်။ ဒီတော့ ဆရာရော တပည့်ရော နှစ်ဦးလုံးတိုးတက်အောင်မြင်မှာ မဟုတ်လား။ တကယ်လို့ ဆရာကသာ ကြိုးစားအားထုတ် သင်ကြားနေလည်း တပည့်တွေက လိုက်မလုပ်ဘူး၊ ထင်သလောက် ခရီးမပေါက်ဘူးဖြစ်နေရင် သင်ရတဲ့ဆရာမှာလည်း စိတ်ဓာတ်တွေ ခြွတ်ချုံကျ၊ ရှေ့ဆက်ဘာလုပ်ပေးလို့ လုပ်ပေးရမှန်း မသိဖြစ်နေတော့မယ် မဟုတ်လား။ ဒီလိုသာဆိုရင် ဒီတပည့်တွေကိုအုပ်ချုပ်နေတဲ့ဆရာမှာရော တပည့်တွေမှာရော တိုးတက်မှုတွေ ဆုပ်ယုတ်ကုန်တော ့မှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဘယ်မှာ တပည့်မကောင်း ဆရာ့ခေါင်း ဆိုတာ မှန်တော့မလဲ။ တပည့်ရောကောင်းမှ ဆရာရောကောင်းမှ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဒီနေရာမှာ တပည့်မကောင်းဆရာခေါင်းလို့ ထည့်မတွေးစေချင်ဘူး။

နောက်ပြီး တိုင်းပြည်က အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ခဲ့ရတာပါ။ ဒါကို မြင်အောင်ကြည့်စေချင်ပါတယ်။ မကြည့်သောသူကတော့ မြင်နိုင်မှာ မဟုတ်ပါဘူး။ အခုချိန်မှာ နိုင်ငံတော်ဟာ အဖက်ဖက်ကလိုအပ်ချက်တွေ အများကြီးဖြစ်နေပါတယ်။ ဒါကို ခေါင်းဆောင်လုပ်တဲ့ လူတစ်ယောက်ကိုပဲ ကြည့်ပြီးတော့နေမယ်ဆိုရင် ကျွန်တော်အပေါ်ကပြောခဲ့သလိုပဲ လူတော်တွေများတဲ့နိုင်ငံကို အုပ်ချုပ်နေရတာ မဟုတ်တဲ့အတွက်ကြောင့် ခေါင်းဆောင်လည်း မစွမ်းသာဖြစ်ပါလိမ့်မယ်။ (၁၉၄၈) နောက်ပိုင်း လွတ်လပ်ရေးရပြီးတဲ့အခါမှာ မြန်မာနိုင်ငံဟာ အပြောင်းအလဲတွေဖြစ်တယ်။ တိုင်းတစ်ပါး၏သူ့ကျွန်ဘဝရောက်တဲ့ အတွက်ကြောင့် ကျွန်တော်တို့တွေ မျက်စိပိတ်၊ နားပိတ်ခံခဲ့ရပါတယ်။ ပညာမတက်၊ အသိဉာဏ်တွေပိတ်ဆို့ခံခဲ့ရတယ်။ ဒါကြောင့် လွတ်လပ်ရေးရပြီးတဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်း ကလည်း ပြောခဲ့ပါတယ်။ ဒို့နိုင်ငံဟာ "အစကနေ စရမှာဖြစ်တဲ့ အတွက်ကြောင့် သူများခြေတစ်လှမ်း လှမ်းရင်၊ ကိုယ်သုံးလှမ်း လှမ်းရမှာ ဖြစ်တဲ့အကြောင်း" ပြောခဲ့ပါတယ်။ ဒီလိုနဲ့ လွပ်လပ်ရေးရပြီးတဲ့နောက်ပိုင်း အပြောင်းအလဲတွေဖြစ်၊ တိုင်းပြည်က သူတစ်လူ ငါတစ်မင်းနဲ့ ထကြွသောင်းကျန်း၊ ကရင်ကတစ်ဖုံ၊ ရှမ်းကတစ်ဖုံ၊ သူ့လူမျိုး ကိုယ့်လူမျိုးနဲ့ အသီးသီးဆူပူသောင်းကျန်းနေကြလို့၊ ရောင်စုံသူပုန်လို့တောင် အမည်တပ် ခေါ်ခဲ့ရပါတယ်။ ဒီလိုနဲ့ တိုင်းပြည်ဟာ (၁၉၄၈) ကနေ (၁၉၆၂) အထိ မငြိမ်မသက်နဲ့ ပြည်သူတွေမှာလည်း ကျီးတလန့်လန့်စာ စားနေရတဲ့ဘဝဖြစ်နေပါတော့တယ်။ (၁၉၆၂) နောက်ပိုင်း တိုင်းပြည်ဟာ ဘယ်လိုမှ ထိန်းမနိုင် သိမ်းမနိုင်ဖြစ်ခဲ့ရလို့ တပ်မတော်အစိုးရအနေနဲ့ ဝင်ရောက်အာဏာထိန်းသိမ်းခဲ့ရပါတယ်။ ဒီလိုအာဏာထိန်းသိမ်းပြီးတဲ့နောက်ပိုင်း တိုင်းပြည်ဟာ ပြည်လည်ငြိမ်သက်လာပြီးတော့ လက်နက်ကိုင်တောခိုသွားတဲ့ သူပုန်တွေကို ရှင်းလင်းရင်း (၁၉၈၈) မှာ အရေးခင်းဖြစ်ပြီးတိုင်းပြည်ဟာ မငြိမ်မသက်ဖြစ်ခဲ့ရပြန်ပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့လူမျိုးတွေ အသိတရားတွေနည်းပါးမှု၊ စာဖတ်အားနည်းပါးမှုတွေကြောင့် အခြင်းခြင်းခေါင်းဖြတ်သတ်၊ ပြည်သူပိုင်အဆောက်အအုံတွေကို မီးရှို့ဖြတ်စီးနဲ့၊ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးမှာမှ မကြားဘူး၊ မကြုံဘူးတဲ့ တော်တော်ကို စိုးရွားတဲ့အခြေအနေမျိုးနဲ့ ထပ်ရင်ဆိုင်ခဲ့ရပြန်ပါတယ်။ ဒီလိုအဖြစ်ဆိုးမျိုးတွေကိုသာလျှင် တခြားတိုင်းတစ်ပါးကသိသွားခဲ့မည်ဆိုလျှင် အင်မတန်အရှက်ရာစရာဖြစ်လို့ တပ်မတော်အနေနဲ့ ခေါင်းဖြတ်သတ်ခဲ့တဲ့ ဗွီဒီယိုတိပ်ခွေတွေ၊ မီးရှို့ဖြတ်စီးခဲ့တဲ့အဆောက်အဦးတွေကို ပြန်လည်ထိန်သိမ်းမှုပြုခဲ့ပါတယ်။ ဒါကြောင့် နောက်တက်လူငယ် တော်တော်များများ ဒီလိုအဖြစ်ဆိုးမျိုးတွေပါတဲ့ ဗွီဒီယိုတိပ်ခွေတွေကြည့်ခွင့် မရခဲ့ကြတာပါ။ တကယ်ဆိုရင် မြန်မာ လူမျိုးများဟာ အနော်ရထာမင်း လက်ထပ်ကတည်းက မင်းပိုင်ဆိုရင် လမ်းဘေးလွင့်ပစ်ထားတဲ့ ပစ္စည်းဆိုရင်တောင် မထိရဲတဲ့ ကျွန်တော်တို့ မြန်မာ လူမျိုးများဟာ (၈၈) အရေးအခင်းမှာ ယက်ကန်းရုံတွေမီးရှို့ဖျတ်စီး၊ အစိုးရအလုပ်ရုံတွေကို မီးရှို့ဖြတ်စီးနဲ့အင်မတန်ကို ဆိုးရွားတဲ့ အခြေအနေမျိုးဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့တိုင်းပြည်ဟာ တိုးတက်မယ်ကျန်ရင် ထပ်ပြီးစုပ်ရုပ်ရပြန်ပါတယ်။ ဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့ကြုံရပြီးနောက်ပိုင်း တပ်မတော်ကပဲ အာဏာဝင်ရောက်ထိန်းသိမ်းခဲ့ ရပြန်ပါတယ်။ အခုချိန်မှာ တိုင်းပြည်၏ မငြိမ်သက်မှုတွေကြောင့်ပဲ တပ်မတော်ကပဲ တိုင်းပြည်၏အာဏာကို ဝင်ရောက်ထိန်းသမ်းရင်း တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို အဖက်ဖက်မှ ဖြည့်ဆည်းပေးခဲ့ရပါတယ်။ ဒါကိုလည်း ကြည့်သောသူမှ မြင်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အခုချိန်ထိတိုင်းပြည်ဟာ မငြိမ်သက်ဖြစ်နေတုန်းပါပဲ။ အခုလည်း အရင်က လက်နက်နဲ့ငြိမ်းချိမ်းရေး ယူထားခဲ့တဲ့ ကရင်က ပြန်ပြီးတောခိုသွားပြန်တယ်တဲ့။ ဒီလိုပဲ တိုင်းပြည်တိုးတက်ဖို့အတွက်ပြုလုပ်ရင်း သောင်းကျန်းသူတွေ၊ အဖျက်အမောက်ပြုလုပ်သူတွေကြောင့်ပဲ တိုးတက်မှုနှောင့်နှေးခဲ့ရပါတယ်။ ရေးတာတွေလည်းများနေတဲ့အတွက်ကြောင့် ကျွန်တော်စာကို ဒီမှာတင် အဆုံးသတ်လိုက်ပါတော့မယ်။

နိဂုံအားဖြင့် ပြောရမယ်ဆိုရင် ဒီလိုအပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်တဲ့ ကျွန်တော်တို့မြန်မာနိုင်ငံ တိုးတက်ဖို့ဆိုရင် အပေါ်ကပြောခဲ့တဲ့အချက် အလက်တွေအတိုင်း ကိုယ့်ကျင့်သီလတွေပြင်ရမယ်။ ခေါတ်အဆက်ဆက် မှားလာခဲ့တဲ့မကောင်းတဲ့ အယူဝါဒအစွဲတွေကို လက်ကိုင်စွဲမထားသင့်တော့ဘူး။ ပြီးတော့ နောက်တက်လာမည့် မျိုးဆက်သစ်တွေကို အဲဒီအယူဝါဒအမှားတွေကို ပုံစံမချသင့်တော့ဘူး။ ကျွန်တော်တို့အခုလက်ရှိရောက်နေတဲ့ခေါတ်က သူများခြေတစ်လှမ်းလှမ်းရင် ကျွန်တော်တို့ သုံးလှမ်းလှမ်းရမည့် ခေါတ်ကို ရောက်နေရတာဖြစ်တဲ့အတွက်ကြောင့် အတက်နိုင်ဆုံးကြိုးစား ရုန်းကန်ရမယ်လို့ စိတ်ထဲမှာခံယူထားမှ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် နောက်ဆုံးစကားအနေနဲ့ တကယ်ပညာရှိတို့၏ မှုဝါဒအတိုင်း ဘယ်သူ ဘယ်သူကိုမှ အပြစ်မတင်ပဲနဲ့ ပညာတက်တို့၏ အတွေးအခေါ်အတိုင်း မျိုးဆက်တိုင်းမှာ ပစ္စုပ္ပန်ထက်ကောင်းတဲ့ အနာဂါတ်ကိုဖန်တီးကြစို့ပါပဲ။ ဒါကြောင့် လမ်းမှားတွေ၊ အယူမှားတွေ ဝင်မသွားမိစေရအောင် ဘဝကိုကြိုးစားရုန်းကန်နေသူတို့အဖို့ စိတ်အဟာရဖြစ်စေရန်နှှင့် စဉ်းစားဆင်ခြင်တက်တဲ့ အသိဉာဏ်တွေ ပိုမိုတိုးပွားပြီး ဘဝကို လျှောက်လှမ်းတဲ့အခါမှာ မျက်စိ(အသိ)ရော၊ ခြေထောက် (ကိုယ်ကျင့်တရား)ရောကိုပါ အသုံးချနိုင်တဲ့လူသားများဖြစ်ပြီး၊ လောကီ လောကုတ္တရာနှစ်ဖြာသော ကောင်းကျိုးများနှင့် တိုးတက်အောင်မြင်တဲ့ဘဝကို ဖန်တီးနိုင်တဲ့လူသားများဖြစ်ကြစေရန် ဤဆောင်းပါးလေးအား ရွေးချယ်တင်မိပါသည်။

မေတ္တာရှင််် - ငါ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။ အဲဒီမေးခွန်းက -

မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။ ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင် မြန်မာတွေဟာ ကမာ္ဘမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ တဲ့။

သန်း - ဟာ သိပ်ကောင်းတဲ့ မေးခွန်းပဲ ဘုရား။ ဆရာတော်က ဘယ်လိုဖြေလိုက်လဲ ဘုရား။

မေတ္တာရှင် - အကျဉ်းချုပ် ဖြေလိုက်တာက မြန်မာတွေဟာ ဗုဒ္ဓစကားကို နားမထောင်ကြလို့ ဆင်းရဲနေကြတာလို့ ဖြေလိုက်တယ်။

သန်း - အဲဒီလောက် ကျဉ်းလွန်းအားကြီးတော့လည်း ဘယ်နားလည်ပါ့မလဲ ဘုရား။ နည်းနည်းအကျယ်ချဲ့ ဖြေဦးမှပေါ့ ဘုရား။

မေတ္တာရှင် - မြန်မာအများစု မကြီးပွားခြင်း အကြောင်း ၁၁ ချက်ကို တွေ့ရတယ်။ အဲဒီ ၁၁ ချက်ကို ပြင်လိုက်လျှင်တော့ ကြီးပွားချမ်းသာလာကြမှာ။ အဲဒီ ၁၁ ချက်က -

၁။ တကယ် လိုအပ်သော နေရတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာ စုပြုံလှူကြခြင်း။ ဥပမာအားဖြင့် စာသင်တိုက်တစ်တိုက်မှာ ကုဋီ (အိမ်သာ) လိုနေတယ်။ ဒါပေမယ့် လှူမယ့်သူ မရှိဘူး။ ဘာကျတော့ လှူသလဲ ဆိုတော့ ဘုရားခန်းထဲမှာ ရုပ်ပွားတော်တစ်ဆူ ရှိပြီးဖြစ်လျက်နဲ့ နောက်ထပ် ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ ကျပ်ကျပ်တည်းတည်း စံနေတော်မူကြရတယ်။

ဗုဒ္ဓဘာသာအများစုဟာ ဘုရားဒကာ၊ ဘုရားအမသာ အမည်ခံချင်ကြတာ။ အိမ်သာဒကာ၊ အိမ်သာအမ အမည်မခံချင်ကြဘူး။ လှူတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ပါဘူး။ အလှူခံအတွက်ပါ။ ဒါကြောင့် အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူသင့်တယ်။ ကိုယ်လှူချင်တာကို ရမ်းပြီး မလှူသင့်ဘူး။

၂။ မြတ်စွာဘုရားက အင်္ဂုတ္တိရ်ပါဠိတော် ဇဏုသောဏိသုတ်မှာ သမ္မဒါလေးပါးနဲ့ ပြည့်စုံရင် ကြီးပွားချမ်းသာမယ်လို့ ဟောခဲ့တယ်။ ဗုဒ္ဓဘာသာအများစုဟာ တစ်ပါးမှ မပြည့်စုံဘူး။

၃။ ဘာသာရေးအပေါ်မှာ ထားတဲ့ မေတ္တာ စေတနာမျိုးကို စီးပွားရေးအပေါ်မှာ မထားကြလို့လည်း မြန်မာအများစုဟာ ကြီးပွားသင့်သလောက် မကြီးပွားကြဘူး။

၄။ ပျင်းရိခြင်း အကုသိုလ်ကို ရောင့်ရဲဲခြင်းကုသိုလ်လို့ အထင်မှား ကျင့်သုံးနေတဲ့အတွက်လည်း မြန်မာတွေဟာ ကြီးပွားသင့်သလောက် မကြီးပွားကြဘူး။

၅။ အတ္တသမာပဏီဓိ မင်္ဂလာချို့တဲ့လို့ တစ်နည်းအားဖြင့် မိမိကိုယ်မိမိ ကောင်းတဲ့အလုပ်မှာ ဆောက်တည်နေနိုင်စွမ်း မရှိလို့လည်း မြန်မာအများစုဟာ ကြီးပွားသင့်သလောက် မကြီးပွားကြဘူး။

၆။ အချိန်တန်ဖိုးကို မသိကြတဲ့အတွက်လည်း ကြီးပွားသင့်သလောက် မကြီးပွားကြဘူး။ အချိန်တန်ဖိုး သိတဲ့သူများဟာ ဥစ္စာစည်းစိမ်ကို ရခြင်း၊ ကုသိုလ်တရားကို ရခြင်း၊ ပညာဗဟုသုတကို ရခြင်း အမျိိုးမျိုးနဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတယ်။ အချိန်တန်ဖိုး မသိတဲ့သူများကတော့ မြူးထူးပျော်ပါးကစားခြင်း၊ ငြင်းခုံခိုက်ရန် စကားများခြင်း အချိန်ကို တန်ဖိုးမဲ့စွာ အသုံးချတယ်။

၇။ ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ပြီး သူတစ်ပါးအကျိုး ပျက်စီးအောင် ဖျက်ဆီးတတ်ကြတယ်။ ဒီအချက်ဟာလည်း မြန်မာအများစု မကြီးပွားခြင်းရဲ့ အကြောင်းတစ်ခုပဲ။ ကိုယ့်ထက်သာလို့ ဝမ်းသာရင် မုဒိတာလို့ ခေါ်တဲ့ ကုသိုလ်တရားဖြစ်တယ်။ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် ဣဿာဆိုတဲ့ အကုသိုလ်တရား ဖြစ်တယ်။

ပညာရှိ ပညာမဲ့ဆိုတာ ဒီနေရာမှာ ကွဲသွားတာပဲ။ ပညာရှိက ကိုယ့်ထက်သာတဲ့ လူကိုတွေ့ရင် ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာကုသိုလ်ကို အရယူတယ်။ ပညာမဲ့က ကိုယ့်ထက်သာတဲံသူကို တွေ့ရင် ဣဿာလို့ခေါ်တဲ့ အကုသိုလ်ကို အရယူတယ်။ ဒေါက်တာဘွဲ့ကြီး ရထားပါစေ၊ မနာလိုတတ်တဲ့သူဟာ ပညာမဲ့ပါပဲ။ ဘာအတန်းပညာမှ မတတ်ရင် နေပါစေ၊ ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ ဝမ်းမြောက်ရင် ပညာရှိပဲ။

ဣဿာဖြစ်နေသလား၊ မုဒိတာဖြစ်နေသလား ဆိုတာ သူ့ရဲ့နှုတ်က ထုတ်ဖော် အစီရင်ခံပါလိမ့်မယ်။ တော်တာကို တော်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းစကားပြောရင် သူ့သနာ္တန်မှာ မုဒိတာတရား ဖြစ်နေတယ်လို့ သိနိုင်တယ်။ မချီးမွမ်းဘဲ နှုတ်ဆိတ်နေခြင်း၊ မပြောပလောက်တဲ့ အားနည်းချက်ကို ထောက်ပြပြီး အပြစ်ပြောနေခြင်းဟာ သူ့သနာ္တန်မှာ ဣဿာဖြစ်တယ်လို့ ပြတာပါပဲ။

ပညာမဲ့က သူ့သနာ္တန်မှာ ဣဿာတရားဖြစ်နေတယ် ဆိုတာကို သူတစ်ပါးရဲ့ အပြစ်ကို အတုံးလိုက် အတစ်လိုက်ပြပြီး ထင်ထင်ရှားရှား ပြတယ်။ ပညာတတ်တွေကျတော့ သူတို့သနာ္တန်မှာ ဖြစ်နေတဲ့ ဣဿာကို ထင်ထင်ရှားရှား မပြဘူး။ မသိမသာဘဲ ပြတယ်။ ပညာတတ်က သူတို့သနာ္တန်မှာ ဣဿာဖြစ်နေတာကို သူတစ်ပါး သိသွားမှာကိုလည်း စိုးရိမ်တယ်။ အဲဒီတော့ ပညာတတ်က အောင်မြင်နေတဲ့ လူတစ်ယောက်ရဲ့ မပြောပလောက်တဲ့ အပြစ်ကလေးကို ခပ်ပါးပါး ထောက်ပြပြီး အမှတ်ယူတတ်တယ်။ အပေါ်ယံ ကြည့်ရင်တော့ အောင်မြင်နေတဲ့ လူရော၊ သူ့နောက်လိုက်တပည့်တွေကိုပါ မှားမှာစိုးလို့ သတိပေးတဲ့ ပုံစံမျိုးပေါ့။ အမှန်က မိမိရဲ့ဣဿာကို သူတစ်ပါး မသိအောင် ခပ်ပါးပါး လှစ်ပြတာပါပဲ။

၈။ မြန်မာအများစု မကြီးပွားခြင်းရဲ့ နံပါတ်ရှစ် အကြောင်းကတော့ စာပေဗဟုသုတ မရှိတာပါပဲ။

၉။ နံပါတ် ၉ အကြောင်းကတော့ ဒေသန္တရဗဟုသုတ မရှိတာပါပဲ။ ဒါကြောင့် စာပေဗဟုသုတရှိအောင် စာမျိုးစုံ ဖတ်သင့်ပြီး တစ်နှစ် တစ်ကြိမ် ဒေသန္တရဗဟုသုတခရီးကို သွားသင့်ပါတယ်။

၁၀။ နံပါတ်တစ်ဆယ် အကြောင်းကတော့ ခေါင်းဆောင်စိတ် နည်းပါးတာပါပဲ။ ကောင်းတဲ့ အလုပ်ဆိုရင် မခိုင်းဘဲ လုပ်တာ။ အလုပ်ကို အများကြီး လုပ်ပြီး အခွင့်အရေးကို နည်းနည်းယူတာတွေဟာ ခေါင်းဆောင်စိတ်ပါပဲ။ ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ လုပ်တတ်တာ။ အလုပ်ကို နည်းနည်းလုပ်ပြီး အခွင့်အရေး အများကြီးယူတာဟာ နောက်လိုက်စိတ် ခေါ် ကျွန်စိတ်ပါပဲ။

၁၁။ မြန်မာအများစု မကြီးပွားခြင်းရဲ့ ၁၁ ခုမြောက် အကြောင်းကတော့ ကိုယ့်အားကိုယ်ကိုးလိုစိတ် နည်းပါးတာပါပဲ။ အနောက်တိုင်းနိုင်ငံ အများစုက အရှေ့တိုင်းနိုင်ငံ အများစုထက် ချမ်းသာကြွယ်ဝနေရခြင်းရဲ့ အဓိကအကြောင်းဟာ ၁၈ နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စီးပွားရေး အလုပ်လုပ်ကြလို့ပဲ။ အနောက်နိုင်ငံက လူငယ်တွေဟာ ၁၈ နှစ်ပြည့်ပြီးတာနဲ့ လူကြီးဖြစ်ပြီလို့ သတ်မှတ်ပြီး စီးပွားရေးလုပ်ငန်း၊ တစ်နည်း ငွေဝင်တဲ့ လုပ်ငန်းတစ်ခုခုကို မဖြစ်မနေ လုပ်ကြတော့တာပဲ။

မြန်မာအမျိုးသမီးတစ်ဦး နယူးဇီလန်နိုင်ငံကို ပညာတော်သင် ရောက်သွားတယ်။ တစ်နေ့ ကိစ္စတစ်ခုရှိလို့ တက္ကစီ ငှားစီးသွားတယ်။ ကားမောင်းသမားလေးက အသက် ငယ်ရွယ်သူလေး ဖြစ်နေလို့ ကျောင်းမတက်ဘူးလားလို့ မေးကြည့်တဲ့အခါ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားဖြစ်နေတယ်။ မြန်မာအမျိုးသမီးဆိုတော့ မြန်မာပြည်ရဲ့ အလေ့အထအတိုင်း မိဘက မတတ်နိုင်လို့ တက္ကစီမောင်းနေရတာလို့ ထင်သွားတာပေါ့။

သန်း - အဲဒီအတိုင်း ဟုတ်ပါသလား ဘုရား။

မေတ္တာရှင် - ဘယ်ဟုတ်ရမှာလဲ။ မေးလိုက်တဲ့အခါ ဟိုက ဘယ်လို ပြောသလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အလေ့အထက အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈ နှစ် ပြည့်ပြီးတာနဲ့ မိဘကို အားကိုးပြီး မနေကြပါဘူး။ ကိုယ်ပိုင်လုပ်ငန်း တစ်ခုခုလုပ်ပြီး ငွေရှာပါတယ်။ အဲဒီငွေနဲ့ ကျောင်းတက်ပါတယ်။ ၁၈ နှစ် ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ လူကြီးဘဝ ရောက်နေပြီ ဖြစ်ရက်နဲ့ မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်းတက်ရမှာကို အင်မတန် ရှက်ကြပါတယ်။

၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့အခါ ဘယအလုပ် လုပ်သလဲလို့ မေးမြန်းနှုတ်ဆက်တတ်ပါတယ်။ ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရက်နဲ့ စီးပွားရေး အလုပ်တစ်ခုမှ မလုပ်တဲ့သူကို လူရာမဝင်သူလို့ သတ်မှတ်ပြီး ဘယ်သူမှ အပေါင်းအသင်း မလုပ်ကြပါဘူးလို့ အားရပါးရ ပြန်ပြောတယ်။

သန်း - တပည့်တော်တို့ မြန်မာလူငယ်တွေနဲ့ ကွာလိုက်တာ ဘုရား။ ဒီမှာတော့ ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်တဲ့လူကို ဆင်းရဲသားဆိုပြီး ဝိုင်းအထင်သေးကြတယ်။ မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျ ကျောင်းတက်နိုင်သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။

မေတ္တာရှင် - အေး ဟုတ်တယ်။ မြန်မာ အများစုဟာ ဂုဏ်မယူသင့်တာတွေကို ဂုဏ်ယူပြီး ဂုဏ်ယူသင့်တာကို ဂုဏ်မယူတဲ့အတွက် ကြီးပွားသင့်သလောက် မကြီးပွားကြတာဘဲ။

~~~
၂၀၀၈ ခုနှစ် ဇွန်လထုတ် သူရဇ္ဇမဂ္ဂဇင်းတွင် ဖော်ပြထားသော မေတ္တာရှင် (ရွှေပြည်သာ)၏ လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ - ဆောင်းပါးမှ ကူးယူဖော်ပြပါသည်။ အကျိုးအပြစ်ကို ဆင်ခြင် ပြင်ဆင်နိုင်ကြစေဖို့ ရည်ရွယ်ပြီး မဖတ်မိသေးတဲ့သူများအတွက် ဝေမျှလိုက်တာပါ။

မှတ်ချက်။ ။( ဆောင်းပါးကို ကျွန်တော် http://july-dream.blogspot.com/ မှကူးယူဖော်ပြပါသည်)
ဒီပို့စ်လေးအားဖတ်ပြီးတော့ ဗုဒ္ဓ၏တရားတော်နှင့် တိုးတက်မူဆိုတဲ့ ပို့စ်လေးအားလည်း ဆက်ဖတ်စေချင်ပါ တယ်။

0 comments: