Sunday, October 3, 2010

ကံ၊ ကံ၏ အကျိုး

ဗုဒ္ဓဘာသာဝင်များအကြား ကံနှင့်ပတ်သက်ပြီး ပြောဆိုနေကြသည်ကို မကြာခဏကြားရလေ့ ရှိပါသည်။ ကြိုးစားအားထုတ်မှု မရှိပဲ ရောင့်ရဲတင်းတိမ်တတ်သူများက “ ဖြစ်သမျှအကြောင်း အကောင်းချည်ပဲ၊ ကံပေးသလောက်ပေါ့” ဟူ၍ လည်းကောင်း၊ မိမိကိုယ်မိမိ ယုံကြည်ချက် အပြည့်ရှိပြီး အထိုက်အလျောက် အောင်မြင်မှု ရနေသူတို့က “ကံကြမ္မာကို ယိုးမယ်ဖွဲ့မနေနဲ့၊ ကိုယ်လုပ်မှ ကိုယ်စားရ၊ လူကြံရင် ဘာခံနိုင်မတုန်း” ဟူ၍လည်းကောင်း၊ ကံဉာဏ်ဝီရိယနှင့် ကြိုးစားပါသော်လည်း ထိုက်သင့်သလောက် အောင်မြင်မှု မရသော သူတို့က “ ကိုယ်စွမ်းသလောက် ကြိုးစားခဲ့တာပဲ ကံက ကိုယ့်ဘက်မှ မရှိတာ” ဟူ၍လည်းကောင်း ကံနှင့်ပတ်သက်၍ အမျိုးမျိုး ရှုမြင်တတ် ကြပါသည်။
ကံတရားသည် လူတို့အပေါ် မည်သို့မည်ပုံ ဆက်နွယ်၍ အကြောင်းအကျိုးပြုနေသနည်း ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိရှိ သဘောပေါက်ထားရန် အရေးကြီးပါသည်။ စေတနာကို ကံဟုခေါ်သည်ဟု ဘုရားရှင်ဟောကြားထားပါသည်။ ပဌာန်း၂၄ ပစ္စည်း တွင် ကံ ၂ မျိုး ရှိကြောင်း ဟောကြားထားပါသည်။
ကမ္မပစ္စယောတိ-

“ ကုသလာ ကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာစ ရူပါနံ ကမ္မ ပစ္စယေန ပစ္စယော” (နာနာက္ခဏိက ကမ္မ)

“ စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဥ္စ ရူပါနံ ကမ္မ ပစ္စယောန ပစ္စယော” (သဟဇာတ ကမ္မ)
ကုသိုလ် အကုသိုလ် စိတ်နဲ့ ယှဉ်သော စေတနာတို့သည် ဖြစ်ပြီး ချုပ်ပျောက်ရသော သဘောရှိသည်။ ထိုသို့ ချုပ်ပျောက်သည့်တိုင် ပြီးပြီးပျောက်ပျောက် ဘာမျှ မထားခဲ့သည်မဟုတ်။ ကမ္မသတ္တိ တစ်ခု ချန်ထားခဲ့လေ့ရှိသည်။ ၄င်း ကမ္မသတ္တိသည် ကံပြုဆဲအခိုက်တွင် အကျိုး မပေး။ ခဏခြား၍သော်လည်းကောင်း ဘဝပေါင်းများစွာခြား၍သော်လည်းကောင်း အကျိုးဝိပါတ်အနေဖြင့် နာမ်ခန္ဓာ ၄ ပါးနှင့် ကမ္မဇရုပ်များကို ဖြစ်စေပါသည်။ ယင်းကံများကို နာနာက္ခဏိကကံ များဟုခေါ်သည်။ လက်ရှိပြုဆဲ ကုသိုလ် အကုသိုလ် စေတနာတွေကြောင့် ၄င်းနှင့်ယှဉ်ဘက် စိတ်စေတသိတ်များနှင့် စိတ္တဇရုပ်များ တစ်ပြိုင်တည်း ဖြစ်ပေါ်ခြင်းသည် သဟဇာတကံ ၏ အကျိုးဖြစ်သည်။

နာနာက္ခဏိကကံများကို အမျိုးအစားခွဲလျှင် ၃ မျိုးတွေ့ရမည် ဖြစ်ပါသည်။

(၁) ဒိဋ္ဌဓမ္မဝေဒနိယကံ။ ကုသိုလ် အကုသိုလ်ပြုခိုက် ပေါ်သော ဇော ၇ ချက်အနက် ပထမဇောစေတနာကြောင့် ပေါ်လာသော ကံဖြစ်သည်။ အကျိုးပေးရန် အားအနည်းဆုံးကံ ဖြစ်သည်။ လက်ရှိဘဝ (ပထမဘဝ)တွင် ကံပြုပြီးသည်နှင့် ချက်ချင်း အကျိုးပေးသည်။ အကယ်၍ အကျိုးပေးခွင့် မရလျှင် “အဟောသိကံ” ဖြစ်သွားသည်။ ဘယ်သော်အခါမျှ အကျိုးမပေးတော့ပေ။ ဘုရား၊ ရဟန္တာများ၊ ဖလသမာပတ်ဝင်စားပြီး အလွန်စင်ကြယ်သော ပုဂ္ဂိုလ်များ စင်ကြယ်သော ပစ္စည်းပေးလှူပါက ချက်ချင်းသူဌေးဖြစ်အောင် အကျိုးပေးသည်။ ဥပမာအာဖြင့် ဘုရားရှင် လက်ထက်တော်က “မဟာဒုဂ်”၊ “ကာက၀လ္လိယ” တို့ ဖြစ်သည်။ ယခုခေတ် အခါတွင် ၄င်းပထမဇော စေတနာ၏ အကျိုးပေးစရာ မရှိတော့ဘူးလားဟု မေးလျှင် အကျိုးပေးပါသည်ဟု ဆရာတော် အရှင်ဇနကာဘိဝံသက ဖြေကြားထားပါသည်။ သို့သော် အလွန် အားနည်းလွန်း၍ မသိသာ မထင်ရှားခြင်းဖြစ်သည်။ အတိတ်ကံဖြင့် ပေါင်း၍ အကျိုးပေးတတ်သည်။ ဆရာတော် အရှင်ဇနကာ ဘိဝံသ၏ အခြေပြု ပဌာန်းကျမ်းတွင် မြောင်းထဲတွင် သာမန်စီးနေသောရေသည် အားပျော့သည် တွန့်ဆုတ်တွန့်ဆုတ်ရှိသည်။ အကယ်၍ မိုးရွာချလိုက်သောအခါ မိုးရေနှင့်အတူ ပေါင်းပြီး ဒလဟော စီးသွားသကဲ့သို့ဟု ဥပမာပေးထားပါသည်။

(၂) ဥပပဇ္ဖဝေဒနိယကံ။ ရှေ့ကပ်လျက် ဒုတိယဘဝတွင် အကျိုးပေးမည်ကံ ဖြစ်သည်။ ဇော ၇ ချက်အနက် သတ္တမမြောက်ဇောစေတနာသည် ရှေ့လာမည့်ဘဝ ပဋိသနေ္ဓအကျိုးပေးသည်။ အကျိုးပေးခွင့် မရလျှင် အဟောသိကံဖြစ်သွားသည်။ ဇော ၇ ချက်တွင် အားအကောင်းဆုံး အကျိုးပေး အထက်မြက်ဆုံးသော စေတနာဖြစ်သည်။ ကောင်းမှုအကျိုးပေးလျှင် လူချမ်းသာဘဝ နတ်ချမ်းသာဘဝကို ရောက်စေသည်။ အကုသိုလ် အကျိုးပေးလျှင်လည်း အပါယ်ငရဲသို့ ရောက်စေသည်။ ကျန်ဇောစေတနာများလို လက်ရှိဘဝအတွင်း ချမ်းသာဆင်းရဲ အကျိုးလောက်ပေးခြင်း မဟုတ်။ လူ့ဘဝမှ နတ်ဘဝသို့လည်းကောင်း၊ လူ့ဘဝမှ တိရိစ္ဆာန်ဘဝသို့လည်းကောင်း ဘဝအသစ်ကို သိသိသာသာ ပြောင်းလဲစေနိုင်သည်။ အကုသိုလ်စိတ်ကြောင့် သတ္တမဇော အကျိုးပေးပုံကို ဆရာတော် အရှင်ဇနကာဘိဝံသက အရှင်သာရိပုတ္တရာကိုယ်တော်ကြီး ခေါင်းရိတ်စ ကတုန်းပြောင်နေသည်ကို နန္ဒဘီလူးက ခေါင်းခေါက်ချင်စိတ် ဖြစ်လာပြီး ခေါက်လိုက်မိရာ ဘီလူးဘဝမှ ချက်ချင်းစုတေပြီး အဝီစိသို့ တိုက်ရိုက် ဆင်းသွားတော့သည်ဟု ဥပမာပေး ဟောကြားထားသည်။ ခေါင်းခေါက်လိုက်သည်နှင့် ပထမဇောကြောင့် စုတေပြီး သတ္တမဇောကြောင့် အဝီစီတွင် ငရဲ ပဋိသနေ္ဓအကျိုးပေးသည်။ ထိုသို့ လက်ရှိဘဝတွင် ကံအမှုပြုတိုင်း ဖြစ်ပေါ်သော သတ္တမဇောများအနက် တစ်ခုသော သတ္တမဇောကြောင့် ဖြစ်သောကံက ပဋိသနေ္ဓအကျိုးပေးလိုက်သည်နှင့် ကျန်သတ္တမဇောကြောင့် အကျိုးမပေးရသေးသော ကံအားလုံး အဟောသိကံ ဖြစ်သွားတော့သည်။

(၃) အပရာပရိယဝေဒနိယကံ။ မျက်မှောက်ဘဝနှင့် ရှေ့ ဒုတိယဘဝများမှ လွဲ၍ ကျန်ဘဝပေါင်းများစွာ သံသရာမှ မထွက်မချင်း အခွင့်သာသလို အကျိုးပေးမည့်ကံကိုခေါ်သည်။ ဇော ၇ ချက် အနက် အလယ်ဇော ၅ ချက် ချုပ်ပျောက်ပြီး ချန်ထားရစ်ခဲ့သော ကံများ ဖြစ်သည်။ အများပြောသည့် အတိတ်ကံများသည် အတိတ်ဘဝများစွာက ကံပြုစဉ်ဖြစ်ပေါ်ခဲ့သော အလယ်ဇော ၅ ချက်၏ နာနာက္ခဏိက ကမ္မသတ္တိများဖြစ်သည်။

ရှေ့ဘဝပေါင်းများစွာက ပြုခဲ့သော ပုညာဘိ၊ အပုညာဘိ သင်္ခါရများ ပြုပြီးတိုင်း ချန်ထားခဲ့သည့် နာနာက္ခဏိက ကံကြောင့်ဖြစ်သော စိတ်စေတသိတ်ရုပ်တို့ ဖြစ်ပေါ်ခြင်းသည် ဝိပါက၀ဋ် လည်ခြင်းဖြစ်ပြီး သဟဇာတကံကြောင့် စိတ်စေတသိတ်ရုပ်တို့ ဖြစ်ပေါ်ခြင်းကို ကမ္မ၀ဋ် လည်ခြင်းဖြစ်ပါသည်။ ထိုသို့ အတိတ်အကျိုး ရုပ်နာမ်ခန္ဓာများပေါ် အခြေခံပြီး ပစ္စုပ္ပန် အကျိုးရုပ်နာမ်ခန္ဓာများက ကောင်းမှု မကောင်းမှုကို ဆောင်ရွက်စေရန် ညွှန်းကြားနေသူမှာ အခြားမဟုတ် အဝိဇ္ဖာ၊ တဏှာဦးဆောင်သော ကိလေသာ အပေါင်းအဖော်များပင် ဖြစ်သည်။ အာရုံနှင့် ဒွာရတိုက်တိုင်း ယင်းတို့ ပေါ်လာတတ်သည်။ ထိုသို့ ဖြစ်ခြင်းကို ကိလေသ၀ဋ် လည်ခြင်းဟု ခေါ်သည်။

အတိတ် ဘဝပေါင်းများစွာကတည်းက အမှန်မသိမှု အဝိဇ္ဖာကြောင့် ဖြစ်ပေါ်ခဲ့သော ရုပ်နာမ်ခန္ဓာစဉ်ကို ငါ့ကိုယ် ငါ့ဟာဟု လွဲမှားစွာ စွဲလမ်းခဲ့သည့် တဏှာသည် ဘဝတိုင်း ဘဝတိုင်းတွင် စဉ်ဆက်မပြတ် အစားထိုးသွားသော ရုပ်နာမ်ခန္ဓာတိုင်းတွင် အနုသယသဘော ဗီဇသဘောနှင့် ပါလာသည်။ အတိတ်အကျိုးကို အနာဂတ် အကြောင်းဖြစ်အောင် ပြောင်းလဲ ပစ်နိုင်သော မောင်းနှင်အား ဖြစ်ပါသည်။ အကယ်၍ ရုပ်နာမ်ခန္ဓာတို့၏ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးဆက်တရားကို နားလည်သဘောပေါက်သော အသိဉာဏ်ဖြစ်ပေါ်လာလျှင် ပဲ့ကိုင်ကောင်းသော လှေတစ်စင်းလို လိုရာခရီးရောက်အောင် ထိန်းကျောင်းနိုင်မည် ဖြစ်ပါသည်။ သို့မဟုတ်လျှင်ကား ပဲ့ကိုင်မရှိသော လှေတစ်စီးကဲ့သို့ ပရမ်းပတာ သွားချင်ရာသွားပြီး သံသရာ ဝဲသြဃတွင် ဆုံးဆုံးမြုပ်ပေလိမ့်မည်။

ဤနေရာတွင် ရုပ်နာမ်ခန္ဓာကို အသက်ကောင် ဝိညာဉ်ကောင်ဟုယူဆပြီး ရှေ့ဘဝက ဝိညာဉ်ကောင်လုပ်ခဲ့သမျှ ကောင်းကံ မကောင်းကံများကို လက်ရှိဘဝတွင် ၄င်းဝိညာဉ်ကောင် ကိုယ်တိုင်ကူပြောင်းရောက်ရှိလာပြီး အကျိုးခံစားသည်ဟု မြင်လျှင် သဿတဒိဌိ ဖြစ်ပါသည်။ ထိုသို့မဟုတ် ယခင်ဘဝက ဝိညာဉ်ကောင်ကသတ်သတ် ယခုဘဝ ဝိညာဉ်ကောင်က သတ်သတ်၊ ယခင်ဘဝ ဝိညာဉ်ကောင်လုပ်ခဲ့သမျှ ကောင်းမှု မကောင်းမှုကံများကို ယခုဘဝ ဝိညာဉ်ကောင်က ခံစားရသည်ဆိုလျှင် ဥစ္ဆေဒဒိဌိ ဟု ဆိုရပေမည်။

ရုပ်နာမ်ခန္ဓာတို့သည် ခဏမဆဲ ဖြစ်လျက် ပျက်လျက်သာရှိသည်။ ထိုရုပ်နာမ်ခန္ဓာတို့ကို သာသနာပအယူကဲ့သို့ ဘဝများစွာပြောင်း၍ မြဲနေသည့် ဝိညာဉ်ကောင်သည်ဟု၍ လည်းကောင်း၊ ဘဝတစ်ခုစီအတွင်းမြဲသည့် သီးခြားစီဖြစ်သော ဘဝတစ်ခုဝိညာဉ်တစ်ခုဟုလည်းကောင်း မမှတ်ယူသင့်ပေ။ ရုပ်နာမ်ခန္ဓာတို့သည် မွေးရာမှ သေသည်အထိ စက္ကန့်မလပ် အသစ်အသစ်များ အစားထိုးနေသည်ဟု ရှုမြင်ရမည်။ ထိုသို့ အသစ်အသစ်အစားထိုးရာတွင် ဖြစ်ချင်သလို ဖြစ်နေသည်လည်းမဟုတ်၊ အကြောင်း ကံ ကောင်းခြင်း ဆိုးခြင်းပေါ် မူတည်၍ အကျိုးရုပ်နာမ်များ အကောင်းအဆိုးဖြစ်လျက် အသစ်အသစ်များ အစားထိုးသွားခြင်း ဖြစ်သည်။ ထို့ကြောင့် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်ဟု ရှုမြင်သုံးသပ်ခြင်းတတ်သည့် ကမ္မဿကတာသမ္မာဒိဌိဉာဏ် အမြင်ရှိရန် လိုအပ်ပါသည်။ ၄င်းဉာဏ်အမြင်ကို ဗုဒ္ဓဘာသာဝင်များအဖို့ တရားနာခြင်း၊ ဆရာသမားတို့ ဆိုဆုံးမမှုဖြင့် အောက်ဆုံးထစ် မှန်းဆသိမြင်ထားသင့်ပါသည်။ ထို့ထက်ပို၍ ရုပ်နာမ်ခန္ဓာတို့၏ ကြောင်းကျိုးဆက်နွယ်နေသော သဘောတရားကို နာမရူပပဋိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက်သိမြင်ရာမှ ရရှိလာသော ကမ္မဿကတာသမ္မာဒိဌိ ဉာဏ်ဆိုလျှင်ကား အထူးဆိုဖွယ်ရာမရှိပေ။ ၄င်းခန္ဓာဉာဏ်ရောက်အမြင် ရှေ့သွားလျက် ကောင်းမှုပြုလျှင် အကျိုးဖြစ်ရာဘဝ၌ ဉာဏ်ပညာကြီးမားသူ ဖြစ်နိုင်သည်ဟု ဖားအောက်ဆရာတော်ကြီး၏ကျမ်းတွင် ဖော်ပြထားပါသည်။

အထက်တွင် ဖော်ပြခဲ့သလို နာနာက္ခဏိကကံသည် အတိတ်မှာ ပြုခဲ့သောကံ ဖြစ်သဖြင့် မိမိစိုက်ခဲ့သော အပင်၏ အသီးကို မိမိမစားချင်လို့ မရ။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ယခု ဘဝတွင် လက်ခံရတော့မည်။ လက်ရှိဘဝတွင် ရုပ်အဆင်း လှခြင်း မလှခြင်း၊ အသက် ရှည်ခြင်း တိုခြင်း၊ ချမ်းသာခြင်း ဆင်းရဲခြင်း၊ ခြွေရံ များခြင်း၊ နည်းခြင်း၊ စသည်တို့မှာ ဘဝပေါင်းများစွာက စိုက်ခဲ့သော အပင်၏ အသီးများ ဖြစ်သည်။ ထို့ကြောင့် အတိတ်က ကုသိုလ်ကံအကျိုးပေးတော့မည် အကုသိုလ်ကံအကျိုးပေးတော့မည်ကို သာမန်လူတို့အဖို့ ကြိုတင်သိရှိရန် မလွယ်ကူပေ။ မိမိလုပ်နိုင်သည်မှာ လက်ရှိ ပစ္စုပ္ပန်အခိုက်တွင် သဟဇာတကံများကို ကောင်းမှုများသာ ဖြစ်စေခြင်းပင် ဖြစ်ပါသည်။ ယောနိကော မနသိကာရ သင့်တင့်စွာနှလုံးသွင်းပြီး ဝီရိယ၊ ဉာဏ်အားစိုက်ထုတ်ကာ ကောင်းမှုများကို ပျိုးထောင်နေခိုက်တွင် အရိပ်သဏ္ဍန်လိုက်နေသော အကုသိုလ်တို့ အကျိုးပေးခွင့် မသာဖြစ်ရသည်။ အကျိုးပေးဦးတော့ အကုသိုလ်အသေးစားလေးတွေသာ အခွင့် သာတော့သည်။ အကယ်၍ ပစ္စုပ္ပန် ကောင်းမှု သဟဇာတကံများ အားကြီးခိုက်တွင် အတိတ်က အကုသိုလ်ကံများလုံး၀ အကျိုးပေးခွင့် မရသေးပဲ အတိတ်ကုသိုလ်ကံများသာ အုံနဲ့ကျင်းနဲ့ ထပ်လောင်း အကျိုးပေးဖို့ အခွင့်သာ သွားနိုင်သည်။

လောကတွင် မကောင်းမှုများလုပ်ရင်း ချမ်းသာနေသူများရှိသလို ကောင်းမှုလုပ်နေသော်လည်း ဆင်းရဲမြဲ ဆင်းရဲနေသူများလည်း တွေ့ရပေမည်။ ယင်းမှာ အတိတ် ကုသိုလ် အကုသိုလ်ကံ အကျိုးပေး အားကြီးနေသောကြောင့် ဖြစ်သည်။ သို့ရာတွင် အရာရာကို အတိတ်ကံကိုချည်း ယိုးမယ်ဖွဲ့နေ၍လည်း မဖြစ်။ ပစ္စုပ္ပန်အားထုတ်မှုက အကျိုးရလာဒ်ကို အနည်းနှင့်အများ ပြောင်းလဲစေနိုင်ပါသည်။ အထက်တွင် ဖော်ပြခဲ့သလို အတိတ်က အကုသိုလ်ကံ အကျိုးပေးလာခိုက် ပစ္စုပ္ပန် ဒိဋ္ဌဓမ္မဝေဒနိယ ကုသိုလ်ကံက အားနည်းပင် နည်းငြားသော်လည်း အကျိုးပေးမည့် အကုသိုလ်ကံ ချိနဲ့ သွားနိုင်သလို အတိတ်က ကုသိုလ်ကံ အကျိုးပေးခိုက်ကြုံလျှင်လည်း ရေမြောင်းတွင်းမှ ရေများ မိုးရေးနှင့်ရော၍ ဒလဟောစီးသလို ကုသိုလ်ကံ အကျိုးပေးက အားမောင်းသန်ဖြစ်လာမည်ကို သတိချပ်သင့်ပေသည်။

အချုပ်အားဖြင့်ဆိုရသော် ကံ၊ကံ၏အကျိုးပေးပုံကို ကမ္မဿကတာသမ္မာဒိဌိဉာဏ်ဖြင့် ကျကျနန သိရှိထားပါက ဤလောကီလူ့ဘောင်၌ နေ့တစ်ဓူ၀ ဆောင်ရွက်သမျှ ကိစ္စအဝဝတွင် ယောနိကော မနသိကာရ (သင့်တင့်စွာနှလုံးသွင်းခြင်း)ဖြင့် ကောင်းမှု အစုစု နေ့စဉ်ပြုကြရင်း လောကဓံ အကောင်းအဆိုးတို့ ရိုက်ခတ်လာသည့်အခါ တည်တည်ငြိမ်ငြိမ်နှင့် မှန်မှန်ကန်ကန် ရှုမြင်နိုင်သော ကလျာဏပုထုဇဉ်များ မလွဲဧကန် ဖြစ်လာကြမည်ဟု ယုံကြည်မိပါသည်။



ချမ်းသာစစ်နှင့် ပြည့်စုံကြပါစေ။

ပြေဇော်

0 comments: